ဇွန် ၄ ရက်မှစ၍ နိုင်ငံတကာရုပ်ရှင်ရုံများတွင် သုံးရက်ရုံတင်ပြသခဲ့သည့် The Conjuring: The Devil Made Me Do It သည်းထိတ်ရင်ဖိုဇာတ်ကားသည် သီတင်းတစ်ပတ်အတွင်း ရုံဝင်ငွေ ဒေါ်လာ ၅၇ သန်း ကျော်ရရှိခဲ့ကာ The Quiet Place Part II ဇာတ်ကား၏ သီတင်းပတ်ကုန်ရက်သုံးရက် box office ရုံဝင်ငွေကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သော The Conjuring ဇာတ်ကားနှင့် ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သော The Conjuring 2 ဇာတ်ကားတို့၏ နောက်ဆက်တွဲရုပ်ရှင်ဖြစ်သော The Conjuring: The Devil Made Me Do It သဘာဝလွန်၊ သည်းထိတ်ရင်ဖိုဇာတ်ကားကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်တွင် ထုတ်လွှင့်ပြသရန် စီစဉ်ခဲ့သော်လည်း COVID-19 ကူးစက်ဖြစ်ပွားနေမှုများကြောင့် ရွှေ့ဆိုင်းခဲ့ရပြီးနောက် Qarner Bros. Pictures ကုမ္ပဏီ နှင့် New Line Cinema တို့က ယင်းဇာတ်ကားကို ၂၀၂၁ ဇွန် ၄ ရက်တွင် ရုံတင်ပြသရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
The Conjuring 3 ဟုအသိများသည့် The Conjuring: The Devil Made Me Do It ဇာတ်ကားကို HBO Max ရုပ်သံလိုင်းတွင် ဇွန် ၄ ရက်မှစ၍ တစ်လကြာ ထုတ်လွှင့်ပြသသွားမည်လည်းဖြစ်သည်။
The Conjuring: The Devil Made Me Do It ဇာတ်ကားသည် ၁၉၈၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ Connecticut ပြည်နယ်၌ ဖြစ်ပွားသော ပရလောကနှင့်ဆက်နွှယ်သည့် လူသတ်မှုတစ်ခုအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်သည်။
သဘာဝလွန်ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးသူ ဇနီးမောင်နှံများဖြစ်ကြသည့် Ed Warren နှင့် Lorraine Warren တို့၏ သဘာဝလွန်အမှုတွဲများထဲမှ ထိတ်လန့်ဖွယ် အကောင်းဆုံးနှင့် အန္တရာယ်အရှိဆုံးအမှု တစ်ခုတွင် ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသော တစ္ဆေတစ်ကောင်၏ ပူးကပ်ခြောက်လှန့်မှုကို ခံနေရသော ကောင်လေးတစ်ဦးအား ကယ်တင်ရန်နှင့် ၎င်း၏ဝိညာဉ်ကို ပြန်လည်ရရှိအောင် Ed နှင့် Lorraine တို့ ကြိုးပမ်းပေးကြရာမှ တွေ့ကြုံလာရသည့် ထိတ်လန့်ချောက်ချားဖွယ်အဖြစ်အပျက်များကို ယင်းဇာတ်ကား၌ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။
The Conjuring: The Devil Made Me Do It ဇာတ်ကားကို ဒါရိုက်တာ Michael Chaves က ရိုက်ကူးထားပြီး သရုပ်ဆောင် Vera Farmiga က Lorraine Warren ဇာတ်ကောင်နေရာ၌ လည်းကောင်း၊ Patrick Wilson က Ed Warren ဇာတ်ကောင်နေရာ၌ လည်းကောင်း ပါဝင်ထားပြီး Julian Hilliard ၊ Ruairi O’connor ၊ Sterling Jernis တို့လည်း ပါဝင်သရုပ်ဆောင်ထားသည်။
The Conjuring: The Devil Made Me Do It ဇာတ်ကား ရိုက်ကူးရေးကို ၂၀၁၉ ဇွန် ၃ ရက်တွင် စတင်ခဲ့ကာ ရုပ်ရှင်ရိုက်ကူးမှုကို ဂျော်ဂျီယာနိုင်ငံ အက်တလန်တာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်