Top News

မိခင်သေဆုံးသွားသည့် ကလေးငယ်တစ်ဦးအား ‘ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ’ မှ ထပ်မံမွေးစားခဲ့ပြီး ဇွန်လအတွင်း ဒုတိယမြောက်မွေးစားသည့် ကလေးငယ်ဖြစ်
24htopnews | June 7, 2024 5:12 PM CST

မိခင်သေဆုံးသွားခဲ့သည့် ကလေးငယ်တစ်ဦးအား ‘ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ’ မှ ထပ်မံမွေးစားခဲ့ပြီး ဇွန်လအတွင်း ဒုတိယမြောက်မွေးစားသည့် ကလေးငယ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှဖြစ်ပြီး မိခင်ဖြစ်သူမှာ မသန်စွမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။ ယင်းကလေးငယ်သည် အဓ္မမပြုကျင့်ခံရပြီးနောက် ရရှိခဲ့သည့် ကလေးဖြစ်ပြီး အမှုရင်ဆိုင်နေရပြီး တရားခွင်မှအပြန် မိခင်ဖြစ်သူမှာ နှလုံးရပ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများက သရုပ်ဆောင် ခိုင်နှင်းဝေ၏ ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာထံသို့ မွေးစားပေးပါရန် ဆက်သွယ်လာခဲ့သည့်အတွက် မွေးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကလေးငယ်သည် အသက် ၆ လအရွယ် မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ကလေးငယ်အား မွေးစားခြင်းနှင့် ပတ်သက်၍ သရုပ်ဆောင်ခိုင်နှင်းဝေက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် “ကောင်းမွန်ရာကို သွားပါတော့ရှင်။ အမှုရုံးချိန်းလဲပြီးပြတ်ပြီး သမီးလေးကိုလဲ ကျွန်မတို့ဂေဟာရဲ့ မိသားစုဝင်အဖြစ် သတ်မှတ်လို့ အပြီးခေါ်သွားပါပြီနောက်။ နောက်ဘဝမှာ ကျန်းမာသန်စွမ်းလို့ အနိုင်ကျင့်စော်ကားခံရမှုမှ ကင်းဝေးပြီး ဘဝအဆက်ဆက် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ။ သမီးလေးကို စိတ်ချထားပြီး ကျွတ်ရာလွတ်ရာသွားပါတော့ရှင်” ဟု ရေးသားထားပြီး အမျှဝေမှုလည်း ပြုလုပ်ထားသည်။

အဆိုပါကလေးငယ်ကို သရုပ်ဆောင်ခိုင်နှင်းဝေနှင့်အတူ သူနာပြုနှစ်ဦးတို့က ကွမ်းခြံကုန်းမြို့နယ်သို့ သွားရောက်ခေါ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာတွင် ဇွန်လ ၅ ရက် နေ့ကလည်း ဖြူးမြို့နယ် ဇေယျာဝတီမြို့မှ မွေးပြီးစရက်သားကလေးငယ်တစ်ဦးကို မွေးစားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် ခိုင်နှင်းဝေသည် အခြားသောအလှူရှင် ပရိသတ်များနှင့်အတူ စားဝတ်နေရေးခက်ခဲနေသည့် အခြေခံမိသားစုများအတွက် လှူဒါန်းမှုများပြုလုပ်ခြင်း၊ ခြေတုလက်တုလိုအပ်နေသည့် ကလေးငယ်များအတွက် လှူဒါန်းပေးခြင်း၊ နို့မှုန့်အခက်အခဲ ဖြစ်နေသည့် ကလေးငယ်များအတွက် နို့မှုန့်များလှူဒါန်းပေးခြင်းစသည့် ပရိဟတိအလုပ်များကိုစဉ်ဆက်မပြတ်လုပ်ကိုင်နေသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။  ပြီးခဲ့သည့် ဇွန်လ  ၂ ရက်နေ့ကလည်း Nature One နို့မှုန့်နှင့် ပူးပေါင်းကာ နို့မှုန့်အခက်အခဲဖြစ်နေသည့် ကလေးငယ်များအတွက် နို့မှုန့်ဗူးများလှူဒါန်းခဲ့သည်။ ထို့ပြင် ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့အတွက်မွေးစမှ အသက် ၆ လ အတွင်းကလေးငယ်များအတွက် နို့မှုန့်ဗူး ၁၅ ဖာကိုလည်း ပေးပို့လှူဒါန်းခဲ့သည်။လက်ရှိတွင် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ၌ လက်ခံကာ စောင့်ရှောက်မွေးစားထားသည့် ကလေးငယ်မှာလည်း အယောက် ၅၀ ကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK