Top News

ယခုနှစ်အော်စကာဆုပေးပွဲကို နဂိုအစီအစဉ်အတိုင်း မတ်တွင်ကျင်းပမည်ဖြစ်ပြီး အစီအစဉ်မှူးလည်း ပါဝင်မည်
24htopnews | June 6, 2024 11:12 AM CST

ယခုနှစ်အော်စကာဆုပေးပွဲအခမ်းအနားတွင် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစီအစဉ်မှူးတစ်ဦးပြန်လည်ပါဝင်လာမည်ဖြစ်ပြီး ကျင်းပနေကျ Dolby Theatre ဇာတ်ရုံတွင်သာ ကျင်းပတော့မည်ဟု ABC ရုပ်သံက ကြေညာထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာနေသည့်အတွက် အခြားသောဆုပေးပွဲကျင်းပမှုများကို ရွှေ့ဆိုင်းထားသော်လည်း ၊ ဝေါ့ဒစ္စနေအပိုင် ABC ရုပ်သံက ရုပ်ရှင်ထူးချွန်ဆုပေးအပ်မှုများတွင် အမြင့်ဆုံးပွဲဖြစ်သည့် အော်စကာပွဲကို နဂိုအစီအစဉ်အတိုင်း လော့စ်အန်ဂျလိစ်တွင် မတ် ၂၇ ရက်၌ ကျင်းပသွားမည်ဟုဆိုသည်။

ထို့ပြင်ယခုနှစ်အခမ်းအနားတွင် အစီအစဉ်တင်ဆက်သူလည်း ပြန်ပါလာမည်ဖြစ်သည်။ အော်စကာဆုများကို ဆယ်လီအစီအစဉ်တင်ဆက်သူများက လက်ကမ်းပေးရလေ့ရှိသော်လည်း ၂၀၁၉ ၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်ပွဲများ ကျင်းပခဲ့စဉ်က အစီအစဉ်တင်ဆက်သူ မပါဝင်ခဲ့ပေ။

အမေရိကရုပ်ရှင်ရုံများတွင် လူကြည့်အများဆုံးနံပါတ်(၁)ဇာတ်ကားအဖြစ် နှစ်ပတ်အထက်ရပ်တည်ခဲ့သည့် Spider-Man:No Way Home ဇာတ်ကားကြီးမှ ဗြိတိန်သရုပ်ဆောင် တွမ်ဟော်လန်း၏ပရိသတ်များကမူ ၂၀၂၂ အော်စကာပွဲကို ဟော်လန်းနှင့် ဖြစ်နိုင်လျှင် Spider-Man တွဲဖက်သရုပ်ဆောင်မင်းသမီး ဇန်ဒယာတို့ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သင့်သည်ဟု ပြောဆိုနေကြသည်။

တွမ်ဟော်လန်းကိုယ်တိုင်ကလည်း ဆန္ဒရှိနေပုံရသည်။ မနှစ်ကဒီဇင်ဘာတွင် ဟော်လန်းက “တကယ်လို့သူတို့ကလုပ်ခိုင်းရင်ပေါ့လေ ကျွန်တော်လုပ်ပေးပါမယ်” ဟု The Hollywood Reporter မဂ္ဂဇင်းသို့ ပြောထားသေးသည်။

အော်စကာဆုပေးပွဲအစီအစဉ်မှူးအဖြစ် အမေရိကန် talk show အစီအစဉ်တင်ဆက်သူ ဂျင်မီကင်မယ်၊ ဟာသအစီအစဉ်တင်ဆက်သူများဖြစ်သည့် ခရစ္စရော့ခ်နှင့် အယ်လင်ဒီဂျနရတ်စ်တို့ ဆောင်ရွက်ခဲ့ကြဖူးသည်။

၂၀၂၁ အော်စကာဆုပေးပွဲကို လော့စ်အန်ဂျလိစ်မြို့လယ်ရှိ ယူနီယံစတေရှင်ဘူတာတွင် ကျင်းပခဲ့ပြီး ယခု၂၀၂၂ ပွဲကိုမူ ယခင်ကျင်းပနေကျ Dolby Theatre ဇာတ်ရုံတွင်သာ ကျင်းပသွားမည်ဖြစ်သည်။ အော်စကာ ဆုဆန်ကာတင်စာရင်းကို ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်။

အော်စကာဆုပေးပွဲမှလွဲလျှင် အမြင့်ဆုံးဆုပေးပွဲဖြစ်သည့် ရွှေကမ္ဘာလုံးဆုပေးပွဲကိုလည်း အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီ ၉ ရက်က တိုက်ရိုက်မပြသတော့ဘဲ သိုသိပ်စွာပင် ကျင်းပလိုက်သည်။

Netflix မှ ပြသသည့် The Power of the Dog ဇာတ်ကားက အကောင်းဆုံး ဒရာမာဇာတ်ကားဆု ဆွတ်ခူးသွားပြီး အကောင်းဆုံး ဒါရိုက်တာဆုအပါအဝင် စုစုပေါင်းဆုသုံးဆုဆွတ်ခူးခဲ့ကာ ရုပ်သံပိုင်းတွင် Succession က အကောင်းဆုံး ဒရာမာရုပ်သံဇာတ်လမ်းတွဲဆု ရယူသွားခဲ့သည်။


READ NEXT
Cancel OK