Top News

ရက်ပ်အဆိုတော် ကာနေးဝက်စ် ရုရှားတွင် ဖျော်ဖြေရန်နှင့် သမ္မတပူတင်နှင့်ပါ တွေ့ရန် အစီအစဉ်ရှိနေ
24htopnews | June 6, 2024 11:12 AM CST

အမေရိကန်ရက်ပ်အဆိုတော် ကာနေးဝက်စ်က ယခုနှစ်နှောင်းပိုင်းတွင် မော်စကိုသို့ သွားရောက်ပြီး ၎င်းခရီးစဉ်အတွင်း တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲတစ်ခုတွင်ဖျော်ဖြေရန်နှင့် ရုရှားသမ္မတပူဗလာဒီမာပူတင်နှင့်ပါ တွေ့ဆုံရန်ပြင်ဆင်ထားကြောင်း Billboard က ဖော်ပြထားသည်။

ဝက်စ်က အဇာဘိုင်ဂျန်-ရုရှားဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အာရတ်စ်အဂလာရော့ဗ် (ဒေါ်နယ်ထရန့်နှင့်လည်းအလုပ်တွဲလုပ်သူ) နှင့် အဂလာရော့ဗ်၏သားဂီတသမား အမ်မင်တို့နှင့် အလုပ်ကိစ္စရှိသည့်အတွက် ရုရှားသို့သွားရောက်မည်ဖြစ်ကြောင်း ဝက်စ်၏ အကြံပေးအမီယာဆူဒန်အဆိုကို ကိုးကားကာ Billboard က ဖော်ပြလိုက်ခြင်းဖြစ်သည်။

“သူ ရုရှားမှာ အကြာကြီးရှိနေမှာ။ ရုရှားဟာ Ye ရဲ့ဒုတိယအိမ်ဖြစ်လာလိမ့်မယ်” ဟု ဆူဒန်က Billboard သို့ပြောသည်။ Ye ဆိုသည်မှာ ကာနေးဝက်စ် တရားဝင်ပြောင်းလိုက်သည့် နာမည်သစ်ဖြစ်သည်။

သို့သော်ဝက်စ်၏ ကိုယ်စားလှယ်တစ်ဦးကမူ  ရုရှားတွင်ပူတင်နှင့်တွေ့ရန် အစီအစဉ်ရှိသည်ဆိုခြင်းမှာ လုပ်ဇာတ်သက်သက်ဟုသာ ပြောဆိုထားသည်။ ဝက်စ်သည် တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲများတွင် ဓမ္မသီချင်းများ သီဆိုလေ့ရှိပြီး ထိုသို့ဖျော်ဖြေမှုများကို ၂၀၁၉ ခုနှစ်မှ စတင်လုပ်လာခဲ့သည်။

အသက် ၄၄ နှစ်ရှိပြီဖြစ်သည့် ကာနေးဝက်စ်သည် နိုင်ငံရေးလောကနှင့်စိမ်းသူလည်း မဟုတ်ပေ။သူသည် Birthday Party ၏ သီးခြားကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်တွင် သူသည် သမ္မတဟောင်းထရန့်နှင့် နှစ်ကိုယ်ကြား တွေ့ကာ ပွေ့ဖက်မှုများလည်း ရှိခဲ့သည်။

ဝက်စ်၏ Ye ဟုအမည်ပြောင်းလဲမှုကို အောက်တိုဘာ ၁၈ ရက်တွင် လော့စ်အိန်ဂျလိစ်တရားရုံးတရားသူကြီး မစ်ရှဲဝီလျံစ်က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်များကြောင့် သြဂုတ်လကတည်းက နာမည်ပြောင်းလဲရန် ဝက်စ်က ရုံးတော်တွင် လျှောက်ဆိုထားခြင်းဖြစ်သည်။

ကာနေးဝက်စ်၏အမည်ရင်းမှာ  ကာနေးအိုမာရီဝက်စ်ဖြစ်သည်။ ယခုပြောင်းလဲထားသည့် Ye ဆိုသည့်နာမည်သည် ၂၀၁၈ ခုနှစ်က ထွက်ထားသည့် ဝက်စ်၏ ရှစ်ခွေမြောက်စတူဒီယိုအယ်လ်ဘမ်အမည် ဖြစ်သည်။၂၂ ကြိမ်ဂရမ်မီဆုရှင်ဝက်စ်က ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်သွားသည့် မိခင်၏အမည် ထည့်မှည့်ထားသည့် Donda အမည်ရှိ ၁၀ ခွေမြောက်စတူဒီယိုအယ်လ်ဘမ် တစ်ခုလည်း မနှစ်က သြဂုတ်က ထွက်ထားသည်။

ဝက်စ်နှင့် ဇနီးသည် ကင်ကာဒက်ရှန်ကလည်း ကွဲနေပြီး ကာဒက်ရှန်ကဝက်စ်နှင့် ကွာရှင်းခွင့်၊ သူမ၏ တရားဝင်နာမည် ကင်ကာဒက်ရှန်ဝက်စ်မှ ခင်ပွန်းသည် အမည်ကို ဖြုတ်ခွင့်လျှောက်တင်ထားသည်။

ကာနေးဝက်စ်ဖြတ်သန်းခဲ့သည့် ဂီတလောကမှ အစောပိုင်းအတွေ့အကြုံများကိုလည်း Jeen-Yuhs အမည်ဖြင့် Netflix က Documentary ရိုက်ကူးထားသည်။


READ NEXT
Cancel OK