Top News

Miss Universe တာဝန်များ ဆောင်ရွက်ရန် အိန္ဒိယအလှမယ် မိခင်နိုင်ငံမှ နယူးယောက်သို့ တစ်နှစ်ကြာ ပြောင်းရွှေ့
24htopnews | June 6, 2024 11:12 AM CST

လက်ရှိ Miss Universe Winner ဆုရှင် ဟာနတ်ဇ်ဆန်ဒူသည် မိခင်အိန္ဒိယနိုင်ငံမှ အမေရိကသို့ မကြာသေးမီက ပြောင်းရွှေ့သွားပြီး Miss Universe အဖွဲ့အစည်းနှင့် တစ်နှစ်ကြာ လက်တွဲအလုပ်လုပ်သွားမည်ဖြစ်သည်။

ဟာနတ်ဇ်ဆန်ဒူသည် Miss Universe သရဖူကို ဆွတ်ခူးသွားသည့် တတိယမြောက် အိန္ဒိယအလှမယ်ဖြစ်ပြီး သူမရှေ့တွင် အိန္ဒိယနိုင်ငံက ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ်၌ တစ်ကြိမ် သရဖူဆွတ်ခူးထားသည်။ 

အစ္စရေးနိုင်ငံ၊ ပင်လယ်နီအပန်းဖြေမြို့လေးဖြစ်သည့် အေးလတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာက ကျင်းပလိုက်သည့် အကြိမ် ၇၀ မြောက် Miss Universe ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် ၇၉ ဦးကို ကျော်တက်ကာ အသက် ၂၁ နှစ်အရွယ် အိန္ဒိယအလှမယ် ဟာနတ်ဇ်ဆန်ဒူ က အနိုင်ရခဲ့သည်။

ပြိုင်ပွဲတွင် ပါရာဂွေးအလှမယ် နာဒီယာဖရယ်ရာက First Runner-up၊ တောင်အာဖရိကအလှမယ် လလယ်လာဆွိန်းက Second Runner-up ဆုရရှိကာ ကိုလံဘီယာ အလှမယ်နှင့် ဖိလစ်ပိုင်အလှမယ်တို့ကTop 5 အထိ တက်ရောက်နိုင်ခဲ့သည်။

သရဖူပိုင်ဆိုင်ထားစဉ်ကာလအတွင်း ဆန်ဒူသည် နယူးယောက်တွင် နေထိုင်ကာ Miss Universe အဖွဲ့ကြီး၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်မည်ဖြစ်ကာ၊ မိခင်မီးယပ်သားဖွားဆရာဝန်နှင့် ကြီးပြင်းလာသည့် သူမသည် အမျိုးသမီးများ၏ ပညာရေး၊ အလုပ်အကိုင်နှင့် လွတ်လပ်စွာရွေးချယ်ခွင့်ရရေးတို့တွင် အမာခံထောက်ခံအားပေး သူဟု Miss Universe ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

ဇန်နဝါရီ ၁၃ ရက်တွင် ၎င်းဝက်ဘ်ဆိုက်၌ ယခင် Winner အလှမယ်များ အစဉ်အဆက် နေထိုင်ရာ နယူးယောက်တိုက်ခန်းသို့ အလှမယ် ဆန်ဒူ ရောက်လာသည့် ဗီဒီယိုကို တင်ထားသည်။ “ကျွန်မ အရမ်းစိတ်လှုပ်ရှားရပါတယ်။ ကျွန်မ ထင်တယ်၊ တစ်နှစ်အရွယ်ကတည်းက ဒီလိုနေ့ကို ကျွန်မ စောင့်လာခဲ့တာ” ဟု သူမက ဗီဒီယိုထဲတွင် ရင်ခုန်စွာပြောသည်။

အိပ်ခန်းထဲ ရောက်သည့်အခါ အိပ်ရာပေါ်တွင် 2020 Winnerဆုရှင် မက္ကဆီကို အလှမယ် အန်ဒရီယာမတ်ဇာထားခဲ့သည့်  “သင်၏ အိမ်သစ်မှ ကြိုဆိုပါသည်” ဆိုသည့် စာကို သူမ တွေ့ခဲ့သည်။ ပထမဆုံးအကြိမ် ခရီးဆောင်သေတ္တာပျောက်သွားသည်ဟုလည်း ဆန်ဒူက ပြောပြခဲ့သည်။

ဆန်ဒူသည် 2021 Miss Universe ဖြစ်မလာမီ Public Administration ဘာသာရပ်ကို မာစတာတက်ခဲ့ပြီး မော်ဒယ်တစ်ဦးလည်း ဖြစ်ကာ ပန်ဂျာဘီရုပ်ရှင်ကားနှစ်ကားတွင် ပါဝင်ထားသည်။

သူမသည် ဘောလိဝုဒ်လောကသို့ ခြေချရန်လည်း အိပ်မက်ရှိထားပြီး အကယ်၍ အခွင့်အရေးသာ ရမည်ဆိုပါက ဘောလိဝုဒ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လိုသည်၊ စူပါစတား မင်းသား ရှာရွတ်ခန်နှင့်ပင် ပွဲဦးထွက် သရုပ် ဆောင်ချင်ပါသည်ဟု The Times of India သတင်းဌာနသို့ ပြောခဲ့သည်။


READ NEXT
Cancel OK