Red Notice အက်ရှင်ဇာတ်ကားကြီးကို နောက်ထပ် နှစ်ကားဆက်တိုက် ရိုက်ကူးသွားရန် Netflix က ပြင်ဆင်နေပြီး ရိုက်ကူးထုတ်လုပ်မှုများကို ၂၀၂၃ ခုနှစ်တွင် စတင်သွားဖွယ် ရှိသည်။
ပထမဇာတ်ကားကိုရိုက်ကူးသည့် အမေရိကန်ဒါရိုက်တာ ရော်ဆင်မာရှယ်သာဘာ ကပင် ဆက်လက်ရိုက်ကူးမည်ဖြစ်ပြီး ဇာတ်ညွှန်းလည်း စတင်ရေးသားနေပြီဟု Dead line သတင်းက ဖော်ပြသည်။
ဇာတ်လိုက်များက မပြောင်းလဲဘဲ မူလ ပါဝင်သရုပ်ဆောင်ထားကြသည့် အမေရိကန် မင်းသား ဒွိန်းဂျွန်ဆင်၊ အစ္စရေးမင်းသမီး ဂဲလ်ဂဒေါ့၊ ကနေဒါမင်းသား ရိုင်ယန်ရေနယ်စ် တို့နှင့်ပင်ဖြစ်ပြီး နောက်ဆက်တွဲဇာတ်လမ်း တွင် ဇာတ်ကောင်အသစ်များလည်း ထပ်ထည့်မည်ဖြစ်သည်။
ယခင်ဇာတ်လမ်းထဲတွင် ဒွိန်းဂျွန်ဆင်က FBI အေးဂျင့်၊ ရိုင်ယန်ရေနယ်စ်က နာမည်ကျော် အနုပညာလက်ရာသူခိုး၊ ဂဲလ်ဂဒေါ့ က အန္တရာယ်ရှိ ရာဇဝတ်ကောင်နေရာတို့မှ သရုပ်ဆောင်ထားသည်။
ဘတ်ဂျတ်အမေရိကန် သန်း ၂၀၀ အ ကုန်ကျခံရိုက်ကူးခဲ့သည့် Red Notice သည် Netflix အတွက် အကုန်အကျအများဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး လူကြည့်အများဆုံး နံပါတ် (၁) ဇာတ်ကားလည်း ဖြစ်ခဲ့သည်။
ပရိသတ်များကျေးဇူးကြောင့် Bird Box ကိုကျော်ကာ Netflix ၏ လူကြည့်အများဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်လာမှုကို ဒွိန်းဂျွန်ဆင်က ပြီးခဲ့သည့်နိုဝင်ဘာတွင် အောင်ပွဲခံသည့် အနေဖြင့် တက်ကီလာအရက်ခွက်ကို မြှောက်ပြသည့်ဗီဒီယိုကို အင်စတာဂရမ်တွင် တင်ခဲ့သည်။ သူ ပါဝင်သည့်ဇာတ်ကားကို ကြည့်ရှုခဲ့ကြသည့် ဖော်လိုဝါပရိသတ်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။
နဂိုက Red Notice ကို Universal Pictures က ဖြန့်ချိရန်စီစဉ်ခဲ့သော်လည်း တကယ်တမ်း Netflix က ဖြန့်ချိခွင့်ရသွားသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ရုပ်ရှင်ရုံ အကန့်အသတ်ဖြင့် ရုံတင်ပြသခဲ့ပြီးနောက်မှ နိုဝင်ဘာ ၁၂ ရက်တွင် Netflix က စတင် ထုတ်လွှင့်ခဲ့သည်။
Red Notice ဇာတ်ကားအပေါ် ရုပ်ရှင် ဝေဖန်ရေးသမားများ၏ သုံးသပ်ချက်များက အမျိုးမျိုးဖြစ်ပြီး သရုပ်ဆောင်များ (အထူးသဖြင့် ရေနယ်စ်နှင့် ဂျွန်ဆင်) ၏ သရုပ်ဆောင်ပုံကို ချီးကျူးကြသူလည်း ရှိသလို၊ ဇာတ်လမ်း ဇာတ်ညွှန်းကို မကြိုက်သူများလည်းရှိခဲ့သည်။
သို့သော် Red Notice သည် Netflix တွင်ပြသည့် ပထမဆုံးသီတင်းပတ်မှာပင် လူကြည့်အများဆုံး ဇာတ်ကားဖြစ်ခဲ့ပြီး ပြပြီး ၂၈ ရက်အထိ ထိုအောင်မြင်မှုကို ဆက်ထိန်းထားနိုင်ခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်