ကိုဗစ်ကပ်ရောဂါကြောင့် ရုံတင်ရက်ထပ်မံရွှေ့ဆိုင်းထားသည့်ဇာတ်ကားများထဲ တွမ်ခရုစ်ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားသည့် Mission:Impossible ဇာတ်ကားများလည်း ထပ်မံပါဝင်လာပြီး Mission:Impossible 7 နှင့် 8 ကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်မှသာ ရုံတင်ပြသတော့မည်ဖြစ်ကြောင်း ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Paramount Picture နှင့် Skydance တို့က ကြေညာထားသည်။
နဂိုက Mission:Impossible 7 ကို ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ရုံတင်ပြီး Mission:Impossible 8 ကို ၂၀၂၃ ခုနှစ် ဇူလိုင်တွင် ရုံတင်ရန်စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် ကပ်ရောဂါပျံ့နှံ့မှု အခြေအနေများကြောင့် Mission:Impossible 7 ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်မှသာ ရုံတင်တော့မည်ဖြစ်ပြီး Mission:Impossible 8 ကို ၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက်မှသာ ရုံတင်ရန် ပြောင်းလဲသတ်မှတ်လိုက်သည်။
ရုပ်ရှင်လုပ်ငန်းများဘက်မှကြည့်လျှင်လည်း ရောဂါကပ်ဘေးကာလအတွင်း ကြာမြင့်စွာပိတ်ထားရမှုမှ ပြန်လည်ခေါင်းထောင်လာနိုင်ရန် ရုန်းကန်နေရသည်။ Mission:Impossible 7 ဇာတ်ကားကြီးကို ယခုမှ ပထမဆုံးအကြိမ် ရုံတင်ရက် နောက်ဆုတ် ခြင်း မဟုတ်ပေ။ ရှေ့တွင်လည်း ၂၀၂၂ ခု နှစ် မေ ၂၇ ရက်တွင် ရုံတင်ရန်စီစဉ်ခဲ့ကြသေးသည်။
Mission:Impossible 7သည် တွမ်ခရုစ်၏ အန္တရာယ်အများဆုံး စတန့်ဇာတ်ဝင်ခန်းများကို ရင်ခုန်ဖွယ်ခံစားရမည့် ဇာတ်ကားလည်းဖြစ်သည်။ အန္တရာယ်ရှိသည့် စတန့်ပြကွက်များကို သရုပ်ဆောင်တတ်သူ တွမ်ခရုစ်၏ Mission:Impossible 7 ထဲမှ ဆိုင်ကယ်စီးဇာတ်ဝင်ခန်းများကို မနှစ်က သြဂုတ်နှောင်းပိုင်းတွင် လက်စ်ဗေးဂတ်စ်၌ ပြုလုပ်သည့် ရုပ်ရှင်ရုံလုပ်ငန်းရှင်များတွေ့ဆုံပွဲ CinemaCon Trade Show တွင် ပြသခဲ့ရာ ကြည့်ရှုသူများ ရင်သပ်ရှုမောဖြစ်ခဲ့ရသည်။
ထိုစွန့်စားခန်းများသည် သူ သရုပ် ဆောင်ခဲ့ဖူးသမျှ စွန့်စားခန်းများထဲတွင် အန္တရာယ်အများဆုံးဟုလည်း တွမ်ခရုစ်က ဝန်ခံထားသည်။ ထိုဇာတ်ကားအတွက် သူတို့ နှစ်ချီ ပြင်ဆင်ခဲ့ရပြီး သူ ကလေးအရွယ် ကတည်းက ထိုစွန့်စားမှုများ လုပ်ချင်ခဲ့သည် ဟု တွမ်ခရုစ်က ဆိုသည်။
ကျောက်ထရံပေါ်မှအောက်သို့ ဆိုင်ကယ်ဖြင့်ခုန်ချသည့် ပြကွက်မျိုးအထိ ပါဝင်ပြီး တွမ်ခရုစ်တစ်ယောက် Skydives အကြိမ်ရေ ၅၀၀ ကျော်၊ Motorcross Jumps အကြိမ်ရေ ၁၃,၀၀၀ လေ့ကျင့်ပြင်ဆင်ခဲ့ရသည်။
အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် တွမ်ခရုစ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ဟောလိဝုဒ်၏ အကျော်ကြားဆုံး အနုပညာရှင်များထဲမှ တစ်ဦးဖြစ်လာပြီး ကိုယ်ပိုင်စတန့်ပြကွက်အများစုကို သရုပ် ဆောင်လေ့ရှိကာ ၂၀၁၈ ရုပ်ရှင် Mission:Impossible-Fallout ရိုက်ကူးစဉ်ကလည်း ခြေချင်းဝတ်ရိုး ကျိုးခဲ့သည်။
ပရိသတ်များ မျှော်တလင့်လင့် စောင့်စားနေသည့် နောက်ထပ် တွမ်ခရုစ်ဇာတ်ကား Top Gun; Maverick လည်း ၂၀၂၂ ခုနှစ် မေ ၂၇ ရက်တွင် ရုံတင်ရန်ရှိပြီး ထိုဇာတ်ကားတွင် ခရုစ်က ရေတပ်လေယာဉ်မှူး အဖြစ် သရုပ်ဆောင်ထားသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်