ဗြိတိန်တေးရေးတေးဆို အယ်လ်တန်ဂျွန်သည် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးဖြစ်သလို နောက်တစ်ကြိမ်ပါအားဖြည့်ထိုးထားသည့်ကြားက ကိုဗစ်ကူးစက်ခံလိုက်ရသဖြင့် ဖျော်ဖြေပွဲရက်နှစ်ရက်ကို နောက်ဆုတ်လိုက်ရသည်။
တက္ကဆက်ပြည်နယ်၊ ဒါးလတ်စ်မြို့ရှိ ရှိုးပွဲနှစ်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အယ်လ်တန်ဂျွန်သည် လက္ခဏာပြင်းထန်စွာ မခံစားရပေ။ Farewell Yellow Brick Road အမည်ဖြင့် အယ်လ်တန်ဂျွန်က နယ်လှည့်ဖျော်ဖြေပွဲပြုလုပ်နေခြင်းလည်းဖြစ်သည်။
ဖျော်ဖြေပွဲရက်မရွှေ့ဖြစ်ပါက ဂျွန်သည် ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တွင် ဒါးလတ်စ်ရှိ အမေရိကန်အဲလိုင်းစ်စင်တာပွဲရုံ၌ ဖျော်ဖြေမည်ဖြစ်သည်။ ပရိသတ်များအနေဖြင့်လည်း လက်မှတ်များကိုဆက်လက်သိမ်းထားသင့်ပြီး ရှိုးပွဲရက်ပြန်လည်သတ်မှတ်ပြီးနောက် မကြာခင်ကြေညာသွားမည်ဟု ပွဲစီစဉ်သူများက ကတိပေးထားသည်။
ဂျွန်သည် တင်ပါးဆုံခွဲစိတ်မှုခံယူထားရပြီး ၂၀၂၁ ဗြိတိန်နှင့် ဥရောပဖျော်ဖြေပွဲများကိုလည်း ရွှေ့ဆိုင်းကာ ဖျော်ဖြေပွဲပြုလုပ်မည့်ရက်များကို ပြန်သတ်မှတ်ခဲ့ရသည်။
၀ါရင့်စန္ဒယားသမားဖြစ်သူ Sir Elton သည် ယခင်ကလည်း ကိုဗစ်ကြောင့်ဖျော်ဖြေပွဲများကို ရွှေ့ဆိုင်းထားပြီး ဗြိတိန်အမျိုးသားကျန်းမာရေးဌာန NHS ၏ကြော်ငြာတစ်ခုတွင်ပါဝင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်ခဲ့သည်။
Goodbye Yellow Brick Road၊ Rockert Man၊ Your Song စသည့်သီချင်းများဖြင့်အောင်မြင်ခဲ့သူ ဂျွန်သည် ၁၉၉၈ ခုနှစ်တွင် အဲလိဇဘတ်ဘုရင်မကြီး၏ ဆာဘွဲ့ချီးမြှင့်ခံထားရသည်။
တော်ဝင်ချားလ်စ်မင်းသားမှ ပေးအပ်ဂုဏ်ပြုသည့် တော်ဝင်ဘွဲ့တံဆိပ်ကိုလည်း မနှစ်က နိုဝင်ဘာ ၁၀ ရက်က ဝင်ဆာရဲတိုက်တွင် သွားရောက်ရယူထားသည်။
အဖွဲ့ဝင်အများဆုံး ၆၅ ဦးအထိသာ သတ်မှတ်ထားသည့် Order of the Companions of Honour ဂုဏ်ထူးဆောင်ဆုရှင်များအဖွဲ့တွင် အသက် ၇၄ နှစ်အရွယ် အယ်လ်တန်ဂျွန်လည်းပါဝင်လာပြီး ဂီတနယ်ပယ်တွင် ဆယ်စုနှစ်ငါးခုကျော်ကြာ ကျင်လည်ခဲ့မှု၊ AIDS အရေးကူညီဆောင်ရွက်ခဲ့မှုများအတွက် အသိအမှတ်ပြုသည့်အနေဖြင့် ချီးမြှင့်ခံရခြင်းဖြစ်သည်။ ဝင်ဆာရဲတိုက်တွင် ပြုလုပ်သည့် ထိုအခမ်းအနားကို ဂျွန်က ၎င်း၏ခင်ပွန်း ကနေဒါရုပ်ရှင်ဒါရိုက်တာ ဒေးဗစ်ဖားနစ်ရှ်နှင့်အတူ တက်ရောက်ခဲ့သည်။ သို့သော်ကြိမ်တုတ်အားကိုးဖြင့် လမ်းလျှောက်ခဲ့ရသည်။
မနှစ်ကအောက်တိုဘာက ဗြိတိန်၏ ရောင်းအားအကောင်းဆုံးသီချင်းဇယားတွင် ဂျွန်၏ Cold Heart သီချင်းက ဗိုလ်စွဲခဲ့သည်။ ဂျွန်သည် ၁၆ နှစ်အတွင်း ထိပ်ဆုံးနေရာကို ဒူအာလီပါ၏ပံ့ပိုးမှုဖြင့် ပထမဆုံးအကြိမ်ရောက်ခဲ့ခြင်းဖြစ်သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်