Top News

ရုပ်ရှင်ကားမူပိုင်ခွင့်နှင့်ပတ်သက်ပြီး အိန္ဒိယရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဂူဂဲလ်စီအီးအို ဆွန်ဒါပစ်ချိုင်ကို တရားစွဲထား
24htopnews | June 6, 2024 11:12 AM CST

အိန္ဒိယရုပ်ရှင်ဒါရိုက်တာ ဆူနီးဒါရှန်ဆိုသူက သူရိုက်ကူးထုတ်လုပ်ခဲ့သည့်ဇာတ်ကားတစ်ကား ၂၀၁၇ ခုနှစ်က YouTube ပေါ်ပျံ့ခဲ့သည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး ဂူဂဲလ်စီးအီးအို ဆွန်ဒါပစ်ချိုင်ကို တရားစွဲဆိုထားသည်။

ဆူနီးဒါရှန်သည် ၂၀၁၇ ခုနှစ်ကအချစ်ဒရာမာဇာတ်ကား Ek Haseena Thi Ek Deewana Tha ကိုရိုက်ကူးခဲ့ပြီး ၎င်းဇာတ်ကားသည် YouTube ပေါ်ခွင့်ပြုချက်မရှိဘဲ ရောက်နေခဲ့သည်ဟု ဒါရှန်က ဆိုသည်။

သူ့အဆိုအရ သူသည် ၎င်းဇာတ်ကားကို မည်သည့်နေရာမှာမှ မတင်ခဲ့သလို မည်သူ့ကိုမှ မရောင်းခဲ့သော်လည်း YouTube တွင် ကြည့်ရှုမှုအကြိမ်ရေ သန်းချီဖြစ်နေခဲ့သည်။ “အဲဒီဇာတ်ကားကို ပြန်ဖြုတ်ချပေးဖို့ ဂူဂဲလ်ဘက်ကို ကျွန်တော်မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းစိတ်ပျက်ရတယ်။ နောက်ဆုံးရွေးချယ်စရာမရှိတဲ့အဆုံး တရားရုံးကနေ ရှင်းရတော့တာပဲ” ဟု ဒါရှန်က The Times of India သတင်းတိုက်သို့ ပြောဆိုခဲ့သည်။

YouTube တွင် သန်းချီကြည့်ခဲ့ကြပြီး ဇာတ်ကားမူပိုင်ခွင့်ကိုမူ မရောင်းထားသည့်အတွက် သူအကျိုးအမြတ် မရခဲ့ဟုလည်း ဒါရှန်က ဖွင့်ဟခဲ့ပြီး ဂူဂဲလ်သည် သူ့ဇာတ်ကားကို ချန်နယ်များပေါ်မှ ဖြုတ်ချရန် ငြင်းဆန်ခဲ့ သည့်အတွက် မိခင်ကုမ္ပဏီကို မွမ်ဘိုင်းရဲစခန်းတွင် အမှုဖွင့်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိမွမ်ဘိုင်းရဲတပ်ဖွဲ့က ဂူဂဲလ်စီအီးအို ဆွန်ဒါပစ်ချိုင်နှင့် ကုမ္ပဏီအရာရှိအချို့ကို  မူပိုင်ခွင့်ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲဆိုထားပြီး ထိုလူများထဲ YouTube အကြီးအကဲ ဂိုတမ်အနန်လည်း ပါဝင်သည်။

“နည်းပညာတိုးတက်မှုအပေါ် ကျွန်တော့်ရဲ့လေးစားမှုက အကြွင်းမဲ့ပါပဲ။ ဒါပေမဲ့ မူပိုင်ခွင့်ကို ထိပါးတာက အတော်လေး စိုးရိမ်စရာကောင်းတဲ့ကိစ္စပါ။ ရုပ်ရှင်တစ်ကားလုံး တရားမဝင် အတင်ခံရပြီး အဲဒီကနေ ပိုက်ဆံရှာကြတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုတရားမဝင်လုပ်ရပ်တွေကို မတတ်သာဘဲ လက်ပိုက်ကြည့်နေခဲ့ရတယ်” ဟု ဆူနီးဒါရှန်က အခြားအိန္ဒိယသတင်းဌာနတစ်ခုသို့  ပြောခဲ့ပြန်သည်။

သူ့ဘက်က အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့သည်ကို အလေးထားတုံ့ပြန်မခံရသည့်အတွက်သာ ဥပဒေအကူအညီကို ယူရခြင်းဖြစ်ကြောင်း၊ သူ့ဇာတ်ကားကိုကြည့်ရှုမှု တစ်ဘီလျံကျော်ရှိခဲ့ပြီး ထိုကိစ္စကို ဂူဂဲလ်ကုမ္ပဏီအား အသိပေးပြောပြထားသည့်တိုင် မည်သည့် အရေးယူမှုမှမပြုလုပ်ခဲ့ကြောင်းနှင့် ယခုရှေ့နေများ အကြံပေးသည့်အတိုင်း လုပ်စရာရှိသည်ကို ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒါရှန်က ပြောသည်။

ဆွန်ဒါပစ်ချိုင်သည် အိန္ဒိယနိုင်ငံဖွား အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး ၂၀၁၆ နှင့် ၂၀၂၀ ခုနှစ်တွင် တိုင်းမ်စ်မဂ္ဂဇင်းက ဖော်ပြသည့် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်း၌ ပါဝင်ထားသူဖြစ်ပြီး အိန္ဒိယ၏တတိယအမြင့်ဆုံး အရပ်သားဂုဏ်ထူးဆောင်ဆုလည်း ချီးမြှင့်ခံထားရသည်။


READ NEXT
Cancel OK