မတ်လတွင်ကျင်းပပြုလုပ်မည့် iHeart Radio ဂီတထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်း ပါဝင်သူများကို ထုတ်ပြန်လိုက်ရာ မိန်းကလေးအဆိုတော် အိုလီဗီယာရော့ဒရီဂို နှင့် ဂျက်စတင်ဘီဘာတို့ ထိပ်ဆုံးမှဦးဆောင် နေသည်။
အဆိုပါဆုပေးပွဲကို မတ် ၂၂ ရက်တွင် လော့စ်အိန်ဂျလိစ်ရှိ Shrine Auditorium နေရာတွင် ကျင်းပမည်ဖြစ်ပြီး Fox ချန်နယ်မှ ည ၈ နာရီတွင် ထုတ်လွှင့်ပြသမည်ဖြစ်ကာ iHeartMedia အသံလွှင့်ဌာနနှင့် iHeartRadio အက်ပလီကေးရှင်းတို့တွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်သည်။
ဆန်ခါတင်စာရင်းအရ ဂျက်စတင်ဘီဘာက ဆုအများဆုံးဖြင့် လျာထားခံရပြီး Male Artist of the Year ဆု၊Song of the Year ဆုအပါအဝင် ဆုကိုးဆုအတွက် လျာထားခံရသည်။Song of the Year ဆုအတွက် ဘီဘာ၏ သီချင်းနှစ်ပုဒ် လျာထားခံရပြီး Song of the Year သီချင်းနှင့် Stay သီချင်းတို့ ဖြစ်သည်။
အသက် ၁၈ နှစ်အရွယ် အမေရိကန်မိန်းကလေးအဆိုတော် အိုလီဗီယာရော့ဒရီဂိုက ဘီဘာနောက်မှလိုက်နေကာ ဆုရှစ်ဆု လျာထားခံရပြီး ထိုဆုများထဲ Female Artist of the Year ဆုနှင့် Song of the Year ဆု (Drivers License သီချင်းဖြင့်) တို့ ပါဝင်သည်။
ထို့နောက် ဆုခုနစ်ဆုအတွက် မိန်းကလေးရက်ပ်အဆိုတော် ဒိုဂျာကတ်နှင့် Giveon တို့အဆိုပြုခံထားရပြီး အဒဲလ်၊ လီနက်အိတ်စ်၊ ဆစ်ခ်ဆောနစ်၊ SZA ၊ ဒရိတ်ခ်၊ အက်ရှီရန်၊ မက်ဂန်သီစတာလီယန်၊ တေလာဆွစ်ဖ်၊ ဘီ လီအိုင်းလစ်ရှ်၊ BTS၊ အာရီယန်နာဂရန်ဒီ၊ The Weeknd၊ ကာဒီဘီတို့လည်း ဆန်ခါတင်စာရင်းထဲ နေရာယူထားကြသည်။
၂၀၂၁ ခုနှစ်အတွင်း iHeartRadio အသံလွှင့်ဌာနနှင့် အက်ပလီကေးရှင်းတို့တွင် လူတောင်းဆိုမှုအများဆုံး အဆိုတော်များနှင့် သီချင်းများကို ၂၀၂၂ ခုနှစ်တွင် ဂုဏ်ပြုချီး မြှင့်မည့်ဆုပေးပွဲဖြစ်ပြီး ယခုနှစ်တွင် ကဏ္ဍ သစ်နှစ်ခု ထပ်တိုးထားကာ TikTok Song writer of the Year ဆုနှင့် Best Comeback Album ဆုတို့လည်း ပေးအပ်သွားမည် ဖြစ်သည်။
အဓိကဆုတစ်ဆုဖြစ်သည့် Song of the Year ဆုအတွက် ဆန်ကာတင်စာရင်းထဲ အက်ရှီရန်၏ Bad Habits၊ အိုလီဗီယာရော့ ဒရီဂို၏ Drivers License အဒဲလ်၏ Easy on Me၊ ဒိုဂျာကတ်၏ Kiss Me More၊ ဘရူ နိုမားစ်၏ Leave the Door Open၊ ဒူအာလီပါ၏ Levitating၊ လီနက်အိတ်စ်၏ Montero၊ ဘီဘာ၏ Peaches၊ အာရီယန်နာ၏ Positions တို့ပါဝင်နေသည်။
Female Artist of the Year ဆုအတွက်မူ အာရီယန်နာဂရန်ဒီ၊ ဒိုဂျာကတ်၊ ဒူ အာလီပါ၊ အိုလီဗီယာရော့ဒရီဂို၊ တေလာဆွစ်ဖ်တို့ လျာထားခံရပြီး Male Artist of the Year ဆုအတွက် ဒရိတ်၊ အက်ရှီရန်၊ ဂျက် စတင်ဘီဘာ၊ လီနက်အိတ်စ်၊The Weeknd တို့ ဆန်ခါတင်အရွေးခံထားရသည်။ Best Duo/Group of the Year ဆုအတွက် AJR ပေါ့ပ်အဖွဲ့၊ ဘရူနိုမားစ်အဖွဲ့၊ BTS၊ Dan+ Shay၊Maroom 5 တို့ လျာထားခံရသည်။
ဧပြီတွင်ကျင်းပမည့် ၂၀၂၂ ဂရမ်မီဆုပေးပွဲတွင်လည်း ဂျက်စတင်ဘီဘာ၊ ဒိုဂျာကတ်နှင့် H.E.R တို့က ဆုရှစ်ဆုအတွက် လျာထားခံရကာ ဘီလီအိုင်းလစ်ရှ်နှင့် အိုလီဗီယာတို့က ဆုခုနစ်ဆုစီအတွက် လျာထားခံရ သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်