Top News

စာအုပ်ဈေးရောင်းပွဲတော်၊ စာပေဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ပါဝင်တဲ့ 'စာပေချစ်သူများသို့ အမှတ်တရ မုတ်သုန်ပွဲတော်' ကို သွားရောက်နိုင်မယ့် ရက်သတ္တပတ်
24htopnews | June 3, 2024 8:12 AM CST

အခုတစ်ပတ် အားလပ်ရက်မှာ သွားရောက်နိုင်မယ့် ပွဲတော်တစ်ခုကတော့ စာပေချစ်သူများအတွက် ဝမ်းသာစရာဖြစ်မှာပါ။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်းက နက္ခတ်တာရာ ပြခန်းဘေးမှာရှိတဲ့ The Yangon Gallery မှာ ပြုလုပ်နေတဲ့ “စာပေ ချစ်သူများသို့ အမှတ်တရ မုတ်သုန် စာပေပွဲတော် ” ဖြစ်ပါတယ်။ ဒီပွဲတော်ကို စက်တင်ဘာ ၂ ရက်ကနေ ၄ ရက်အထိ ပြုလုပ်နေတာဖြစ်ပြီး ကံ့ကော်ဝတ်ရည်၊ ဓူဝံ၊ ရာပြည့် စတဲ့ စာအုပ်ဆိုင်တွေက အထူးလျှော့ဈေးနှုန်းတွေနဲ့ ရောင်းချနေတဲ့ စာအုပ်တွေကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စာအုပ်ဝယ်ယူရင်း စာပေဆိုင်ရာ ဆွေးနွေး ဟောပြောပွဲတွေကိုလည်း အခမဲ့ ဝင်ရောက် နားဆင် ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။စာပေဆိုင်ရာ ဟောပြောဆွေးနွေးပွဲတွေမှာ  စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းမှာတော့ ဒီဇိုင်းမျိုးဆွေသန်းက 'ပုဂံတန်ဖိုးနှင့် ပုဂံကို ထိန်းသိမ်းရန် နိုင်ငံသားတို့၏တာဝန်' ကို ဟောပြောဆွေးနွေးခဲ့ပါတယ်။ စနေနေ့ ဖြစ်တဲ့ စက်တင်ဘာ ၃ ရက် နံနက် ၁၀ နာရီခွဲမှာတော့ ဦးဝင်းမောင် (တပ္ပဝတီ) က 'ရှေးဟောင်း ယဉ်ကျေးမှုများမှ အနုပညာကို ရှာဖွေခြင်း' ၊ မွန်းလွဲ ၂ နာရီခွဲမှာ ဆရာချစ်ဦးညိုရဲ့ 'သမိုင်းနှင့် သမိုင်းနောက်ခံ ဝတ္ထုအကြောင်း' ခေါင်းစဉ်တွေကို အသီးသီး ဟောပြော ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲမှာတော့ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) ရဲ့ 'အလေးထားဖွယ် မြန်မာစာအရေးအသား' ကို ဟောပြောသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် 'စာပေချစ်သူများသို့ အမှတ်တရ မုတ်သုန်စာပေပွဲတော်' ရဲ့ အထူးအစီအစဉ် တစ်ရပ်အနေနဲ့  ညနေ ၃ နာရီမှ ၆ နာရီ အထိမှာတော့ Rashoman အမည်ရ ဇာတ်ကားကို The Yangon Gallery  မှာ ကြည့်ရှုခံစားခွင့်ရမှာဖြစ်ပြီး ဒါရိုက်တာ ပန်းချီဆရာဦးဝင်းဖေနဲ့ ကြည့်ရှုဆွေးနွေးခြင်း အစီအစဉ်ကိုလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် အားလပ် ရက်သတ္တပတ်မှာ ကြိုက်နှစ်သက်ရာ စာအုပ်စာပေများ ရွေးချယ်ဝယ်ယူရင်း စာပေဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဟောပြောချက်တွေကို ဗဟုသုတ ဖြစ်ဖွယ် နားထောင်ရင်း အချိန်တွေကို ကုန်ဆုံးနိုင်မှာဖြစ်ပါတယ်။The Yangon Gallery က စီစဉ်ပြုလုပ်တဲ့ မုတ်သုံအနုပညာပွဲတော်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ စာပေပွဲတော်အပြီးမှာ နောက်ထပ်ပြီး ဓာတ်ပုံပြပွဲ၊ ရုပ်ရှင်ဇာတ်ကားများ ပြပွဲ၊ ဂီတဖျော်ဖြေပွဲ၊ ပန်းချီပြပွဲစတဲ့ အနုပညာကဏ္ဍစုံ အစီအစဉ်များကို စက်တင်ဘာလကုန်အထိ ဆက်တိုက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။          


READ NEXT
Cancel OK