Top News

စိတ်ကူးယဉ် သိပ္ပံအက်ရှင်ဇာတ်ကား MORGAN ကို ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက် ရုံတင်ပြသ
24htopnews | June 3, 2024 8:12 AM CST

စိတ်ကူးယဉ် သိပ္ပံအက်ရှင်ဇာတ်ကား  MORGAN ကို ရန်ကုန်မြို့ ရှေ့ဆောင်၊ မင်္ဂလာစံပြ၊ Mingalar Cineplex (ဂမုန်းပွင့်) ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ Mingalar Diamond Cineplex ရုပ်ရှင်ရုံများတွင် စက်တင်ဘာ ၁၆ ရက်မှ စတင်ကာ တစ်ပြိုင်နက် ရုံတင် ပြသထားသည်ဟု သိရသည်။  MORGAN ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံတွင် စက်တင်ဘာ ၂ ရက်က ရုံတင်ပြသခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည် စတင်ပြသခဲ့သည်မှ စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၉  ရက်အထိ လက်မှတ်ရောင်းချရမှုမှ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် MORGAN ရုပ်ရှင်ဇာတ်ကားကို ဥရောပ၊ အာရှ အပါအဝင် နိုင်ငံအများအပြားရှိ ရုပ်ရှင်ရုံများတွင် ပြသလျက်ရှိသည်ဟု သိရသည်။သိပ္ပံဆိုင်ရာ တီထွင်ဆန်းသစ်မှုများကို ဖန်တီးနေသည့် ကုမ္ပဏီတစ်ခုသည် စက်ရုပ်လူသားများ တီထွင်ထုတ်လုပ်ရေးအတွက် သုတေသန စီမံကိန်းများကို ရန်ပုံငွေထောက်ပံ့မှုများဖြင့် လုပ်ဆောင်နေခဲ့သည်။ လီဝဲသားစ်သည် အဆိုပါ စက်ရုပ်လူသားများ တီထွင်ခြင်းနှင့်  စွန့်စား တီထွင်မှုများအတွက် အကဲဖြတ် စိစစ်ရာတွင် ကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။တစ်ရက်တွင် အဆိုပါကုမ္ပဏီမှ တီထွင်ဖန်တီးခဲ့သည့် အကောင်းဆုံးဖြစ်နိုင်သည့် စက်ရုပ်လူသားများ တီထွင် ထုတ်လုပ်ရေးအတွက် သုတေသန စီမံကိန်း တီထွင်မှုတစ်ခုဟု တင်စားရမည့် မျိုးစပ်လူသားအဖြစ် မော်ဂင်ဟု အမည်ရသည့် မျိုးစပ်လူသားတစ်ဦးကို ဖန်တီးနိုင်ခဲ့သည်။ သို့သော် အဆိုပါ မျိုးစပ်လူသား မိန်းကလေးမော်ဂင်သည် စမ်းသပ်မှုများ လုပ်ဆောင်နေစဉ်အတွင်း စိတ်ကယောက်ကယက်ဖြစ်မှုနှင့် ဒေါသမထိန်းနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီး သူ့အား တာဝန်ယူ စောင့်ရှောက်ကြည့်ရှုနေသည့် သိပ္ပံပညာရှင် ဒေါက်တာကေသီဂရိဖ်အား ကြမ်းတမ်းစွာ တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။သို့အတွက် တီထွင်ဖန်တီးမှုကုမ္ပဏီသည် လက်တွေ့စမ်းသပ်မှုတစ်ခုနှင့် ဆက်နွှယ်သည့် မော်ဂင်၏တိုက်ခိုက်မှုအတွက် အကဲဖြတ် စိစစ်ကျွမ်းကျင်ပညာရှင် လီအား မော်ဂင်အား ဖန်တီး ထိန်းသိမ်းထားရာ ဝေးလံသည့် အရပ်ရှိ သုတေသနစခန်းသို့စေလွှတ်ခဲ့သည်။ မျိုးစပ်လူသား မိန်းကလေး မော်ဂင်သည် အကောင်းဆုံး တီထွင်မှုများကြောင့် စွမ်းရည်အထူးမြင့်မားသည့် အသိဉာဏ်နှင့် ခွန်အားတို့ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း လီက ရိပ်မိခဲ့သည်။ ထို့အတူပင် အဆိုပါအစွမ်းရှိသည့် မော်ဂင်၏ မတည်ငြိမ်လွန်းသည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် မော်ဂင်အား မဖြစ်မနေ သုတ်သင် ရှင်းလင်းပစ်ရန် လိုအပ်သည်ဟု အခိုင်အမာသိရှိခဲ့သည်။လီ၏အကြံကို ရိပ်မိခဲ့သည့် မော်ဂင်သည် အခြားသော သိပ္ပံပညာရှင်များနှင့် စိတ်ပညာရှင် အယ်လင်ရှာပီရို အပါအဝင် သုတေသနစခန်းရှိ လူများအားလုံးကို သတ်ဖြတ်ကာ  သူမအား လေ့ကျင့် ထိန်းကျောင်းပေးသည့် သိပ္ပံပညာရှင်များအနက် အနှစ်သက်ဆုံးဖြစ်သည့် ဒေါက်တာဆိုင်မွန်ဇစ်ဂလာကို ပြန်ပေးဆွဲပြီး ထွက်ပြေး တိမ်းရှောင်ရန်ကြိုးစားတော့သည်။ ထိန်းသိမ်းရန် ခက်ခဲနေပြီး အထူးစွမ်းရည်များကို ပိုင်ဆိုင်ထားသည့် မျိုးစပ်လူသား မိန်းကလေးမော်ဂင်၏ အကြံအစည်ကို တားဆီးကာ မော်ဂင်အား ထိန်းချုပ်နိုင်ရန်အတွက် လီ တစ်ယောက် ကြိုးစားရာမှ ဖြစ်ပေါ်လာသည်များကို ရိုက်ကူးထားသည်။
MORGAN ဇာတ်ကားကို ဒါရိုက်တာLuke Scott ရိုက်ကူးပြီး Kate Mara, Anya Taylor, Rose Leslie Michael Yare, Toby Jone တို့ အဓိက ပါဝင်ထားသည်။


READ NEXT
Cancel OK