Top News

အက်ရှင်ဇာတ်မြူးဇာတ်ကား Bad Boys for Life က မြောက်အမေရိက လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် သီတင်းနှစ်ပတ်ဆက်တိုက် ဦးဆောင်
24htopnews | June 1, 2024 3:12 PM CST

ဆိုနီ၏ Bad Boys for Life အက်ရှင် ဇာတ်မြူးဇာတ်ကားက မြောက်အမေရိက လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဒေါ်လာ ၃၄ သန်းဖြင့် သီတင်းနှစ်ပတ်ဆက်တိုက် ဦးဆောင်နေပြီး စစ်ပွဲနောက်ခံ ဇာတ်ကား ၁၉၁၇ က ဒုတိယနေရာတွင် ရပ်တည်နေသည်ဟု လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းကို လေ့လာသုံးသပ်သည့် Exhibitor က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၁၉၉၅ ခုနှစ်က ဖြန့်ချိခဲ့သည့် Bad Boys ဇာတ်ကားတွင် ပါဝင်ခဲ့သော ဝီလ်စမစ်နှင့် မာတင်လောရင့်စ်တို့က မိုင်ယာမီရဲဌာနမှ စုံထောက်များအဖြစ် ပြန်လည်ပါဝင် သရုပ်ဆောင်ခဲ့သည်။ Bad Boys II ဖြန့်ချိခဲ့ပြီးနောက် ပရိသတ်များ ၁၇ နှစ်ကြာ စောင့်မျှော်ခဲ့ရသည့် Bad Boys for Life ဇာတ်ကားသည် နောက်ဆက်တွဲ ဇာတ်ကားတစ်ကားအတွက် အံ့အားသင့်ဖွယ် အောင်မြင်မှုရရှိခဲ့သည်။ ဇန်နဝါရီ ၁၇ ရက် တွင် ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၂၁၅ သန်း ရရှိခဲ့သည်။ ၁၉၉၅ ခုနှစ်က ဖြန့်ချိခဲ့သည့် Bad Boys ဇာတ်ကားသည် လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ ၁၄၁ သန်းနှင့် ၂၀၀၃ ခုနှစ်က ဖြန့်ချိခဲ့သည့် Bad Boys II ဇာတ်ကားသည် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၂၇၃ သန်းကျော် ရရှိခဲ့သည်။

ယူနီဗာဆယ်စတူဒီယို၏ ပထမကမ္ဘာစစ်ပွဲ နောက်ခံဇာတ်ကား ၁၉၁၇ သည် ဒေါ်လာ ၁၅.၉ သန်းဖြင့် မြောက်အမေရိက လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၏ ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ ဒါရိုက်တာ ဆမ်မန်ဒက်စ်ရိုက်ကူးပြီး George MacKay နှင့် Dea-Charles Chapman တို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ စုစုပေါင်း ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိခဲ့သည်။

ယင်းဇာတ်ကားသည် (၇၇) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆုနှင့် ဒါရိုက်တာဆု၊ (၇၂) ကြိမ်မြောက် Directors Guild of America ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆုတို့ကို ရရှိခဲ့ပြီး အော်စကာဆုရရန် အလားအလာကောင်းသည့် ဇာတ်ကားဟုလည်း ထင်ကြေးပေးခံခဲ့ရသည်။

တိရစ္ဆာန်များနှင့် စကားပြောဆိုနိုင်သည့် တိရစ္ဆာန်ကုဆရာဝန်တစ်ဦးအကြောင်း ရေးသားထားသည့် ကလေးစာအုပ်ကို အခြေခံရိုက်ကူးထားသည့် ယူနီဗာဆယ်စတူဒီယို၏ Dolittle ဇာတ်ကားက ဒေါ်လာ ၁၂.၂ သန်းဖြင့် မြောက်အမေရိက လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၏ တတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။

ဒါရိုက်တာ Stephen Gaghan ရိုက်ကူးပြီး ရောဘတ်ဒေါင်းနင်း ဂျူနီယာ၊ Antonio ၊ အမ်မာသွန်ဆင်၊ တွမ်ဟော်လန်၊ ဆလီနာဂိုမက်ဇ်၊ ဂျွန်စီနာ၊ မာရီယွန်ကိုတီလာတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒေါ်လာ ၁၇၅ သန်း အကုန်ကျခံရိုက်ကူးခဲ့သည့် ယင်းဇာတ်ကားသည် ဖြန့်ချိပြီး ၁၁ ရက်အတွင်း ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ စုစုပေါင်း ဒေါ်လာ ၉၁ သန်းသာ ရရှိခဲ့သည်။

ဇန်နဝါရီ ၂၄ ရက်က ဖြန့်ချိခဲ့သည့် အက်ရှင်ဇာတ်မြူးဇာတ်ကား The Gentleman သည် ဒေါ်လာ ၁၀.၇ သန်းဖြင့် အဆိုပါစာရင်း၏ စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။ အကျိုးအမြတ်များသော ဆေးခြောက်လုပ်ငန်းကို ရောင်းချရန် ဆုံးဖြတ်ချိန်တွင် ခက်ခဲရှုပ်ထွေးမှုများကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည့် လန်ဒန်ရောက် အမေရိကန်တစ်ဦးအကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် မက်သရူးမက်ကောနေး၊ ဟျုဂရန့်၊ ဟင်နရီဂိုးဒင်းနှင့် ကောလင်းဖာရဲလ်တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ Guy Ritchie ရိုက်ကူးသည့် ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေစုစုပေါင်း ဒေါ်လာ ၃၃.၅ သန်း ရရှိခဲ့သည်။

ဒွိန်းဂျွန်ဆင်နှင့် ကီဗင်ဟာ့ဒ်တို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်သည့် စိတ်ကူးယဉ် စွန့်စားဇာတ်ကား Jumanji: The Next Level သည် ဒေါ်လာ ၇.၇ သန်းဖြင့် ပဥ္စမနေရာတွင် ဖော်ပြခံခဲ့ရသည်။

 


READ NEXT
Cancel OK