ဘောလိဝုဒ်သရုပ်ဆောင် ပရီယန်ကာချိုပရာသည် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Matrix 4 တွင် ပါဝင်ရန် နောက်ဆုံးအဆင့် စေ့စပ်ဆွေးနွေးနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
Warner Bros နှင့် Village Roadshow ရုပ်ရှင်ကုမ္ပဏီတို့က ထုတ်လုပ်မည့် ယင်းဇာတ်ကားကို Matrix ဇာတ်ကားများအား ပူးတွဲဖန်တီးခဲ့သည့် Lana Wachowski က ရိုက်ကူးမည်ဖြစ်သည်။ Lana Wachowski သည် Matrix 4 ဇာတ်ကား၏ ဇာတ်ညွှန်းရေးသားမှုတွင်လည်း ပါဝင်မည်ဖြစ်သည်။
ယင်းဇာတ်ကားတွင် ပရီယန်ကာချိုပရာသည် ကီနူးရိဗ်၊ ကာရီအန်းမော့စ်၊ Abdul-Mateen II နှင့် Neil Patrick Harris တို့နှင့်အတူ ပါဝင်နိုင်ခြေရှိသည်ဟု ယခင်က ကြေညာခဲ့ဖူးသော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ပေါ့ပ်အဆိုတော် နစ်ဂျိုးနက်စ်၏ ဇနီးဖြစ်သည့် ချိုပရာသည် အေဘီစီရုပ်သံတွင် ထုတ်လွှင့်ခဲ့သည့် Quantico ဇာတ်လမ်းတွဲဖြင့် ဟောလိဝုဒ်တွင် ထင်ရှားခဲ့ပြီး အမေရိကန် ရုပ်သံဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခွင့်ရသည့် ပထမဆုံး ဘောလိဝုဒ်သရုပ်ဆောင် ဖြစ်လာခဲ့သည်။
Matrix 4 တွင် ပါဝင်မည့် သရုပ်ဆောင်များသည် ရိုက်ကူးရေးမစမီ တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းများအတွက် သီတင်းပတ်များစွာ လေ့ကျင့်နေကြောင်း၊ ယင်းဇာတ်ကားကို ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် မကြာမီ စတင်ရိုက်ကူးမည်ဖြစ်ကြောင်း Variety မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
Warner Bros ကုမ္ပဏီသည် Matrix ကမ္ဘာကို ပြန်လည်ဖော်ထုတ်ရန် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ကြိုးပမ်းခဲ့သော်လည်း ထုတ်လုပ်ရေးမူပိုင်ခွင့်ကြောင့် ဇာတ်ကားရိုက်ကူးရန် နှောင့်နှေးခဲ့သည်။ ယင်းဇာတ်ကားတွင် ကီနူးရိဗ်က ဟက်ကာ နီယို ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မည်ဖြစ်ပြီး ကာရီအန်းမော့စ်က Trinity ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မည်ဟု Warner Bros က အတည်ပြုခဲ့သည်။
Matrix ဟုခေါ်ဆိုသည် Virtual reality စနစ်အတွင်း လူသားများ ပိတ်မိနေသည်ကို နီယိုအမည်ရ ဟက်ကာတစ်ဦးက ရှာဖွေတွေ့ရှိသည့်အကြောင်း ရိုက်ကူးထားသည့် မူရင်း The Matrix ဇာတ်ကားကို ၁၉၉၉ ခုနှစ်တွင် ဖြန့်ချိခဲ့ရာတွင် အလွန်အမင်းအောင်မြင်မှု ရရှိခဲ့သည့်အပြင် ၂၀၀၀ ပြည့်နှစ် အော်စကာ ဆုပေးပွဲတွင် ဆုလေးဆု ရရှိခဲ့သည်။ ယင်းဇာတ်ကား၏ နောက်ဆက်တွဲဖြစ်သော The Matrix Reloaded နှင့် The Matrix Revolutions ဇာတ်ကားတို့ကို ၂၀၀၃ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း