ဟောလိဝုဒ်၏ ထိပ်တန်းရုပ်ရှင် ဆုပေးပွဲဖြစ်သည့် အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီ ၉ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Dolby ပြဇာတ်ရုံတွင် ကျင်းပမည်ဖြစ်သည်။
၂၀၁၉ ခုနှစ်အတွင်း ဖြန့်ချိခဲ့သည့် ဇာတ်ကားများထဲမှ အကောင်းဆုံးဇာတ်ကားများကို ဆုရွေးချယ်ပေးအပ်မည့် အော်စကာဆုပေးပွဲအတွက် ကြိုတင်ခန့်မှန်းချက်များသည်လည်း ယင်းညတွင် အဆုံးသတ်မည်ဖြစ်သည်။
ပညာရှင်အများစုက ပထမကမ္ဘာစစ်ပွဲနောက်ခံဇာတ်ကား ၁၉၁၇ အကောင်းဆုံး ဇာတ်ကားဆုအတွက် ခန့်မှန်းခဲ့သော်လည်း မျှော်မှန်းမထားသည့်အရာများ ဖြစ်ကောင်း ဖြစ်လာနိုင်သည်။
ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည့် (၉၂) ကြိမ်မြောက် အော်စကာဆုပေးပွဲ၌ စောင့်ကြည့်ရမည့် အကြောင်းအရာ ငါးခုကို အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။
နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုရမှာလား
တောင်ကိုရီးယားဒါရိုက်တာ Bong Joon-ho ရိုက်ကူးသည့် Parasite ဇာတ်ကားသည် အော်စကာအစဉ်အလာများကို ချိုးဖျက်ခဲ့ပြီး ယခုနှစ်အော်စကာဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆုအတွက် ရေပန်းစားသည့် ဇာတ်ကားထဲတွင် ပါဝင်ခဲ့သည်။
အော်စကာဆုပေးပွဲ၏ ထိပ်တန်းဆုဖြစ်သော အကောင်းဆုံးဇာတ်ကားဆုကို အင်္ဂလိပ်စကားပြောမဟုတ်သည့် ဇာတ်ကားများကို တစ်ကြိမ်မှ ပေးအပ်ခဲ့ဖူးခြင်းမရှိသော်လည်း မက္ကဆီကိုဒါရိုက်တာ အယ်လ်ဖွန်ဆို ကာရွန်၏ Roma ဇာတ်ကားသည် ပြီးခဲ့သည့်နှစ် အော်စကာဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။
တောင်ကိုရီးယားတွင် လူတန်းစားကွာဟမှုအကြောင်းကို သရော်ရိုက်ကူးထားသည့် Parasite ဇာတ်ကားသည် ယခုနှစ် အော်စကာ ဆန်ခါတင်စာရင်းတွင် အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆုခြောက်ဆုအတွက် လျာထားခံရသည်။
မျိုးကွဲစုံလင်မှု နည်းပါးမှု
ယခုနှစ် အော်စကာဆန်ခါတင်စာရင်းတွင်လည်း လူမည်းသရုပ်ဆောင်များ ပါဝင်မှု နည်းပါးမှုအတွက် ဝေဖန်ခံခဲ့ရသည်။ Harriet ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင် Cynthia Erivo တစ်ဦးသာလျှင် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည်။ ယခုနှစ် အော်စကာ ဆန်ခါတင်စာရင်း၏ ပဏာမစာရင်းတွင်လည်း အကောင်းဆုံးဒါရိုက်တာဆု ကဏ္ဍ၌ အမျိုးသမီးဒါရိုက်တာများ မပါဝင်ခဲ့ပေ။ (၉၂) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင်လည်း အစီအစဉ်တင်ဆက်သူ မပါဘဲကျင်းပမည် ဖြစ်ပြီး ဆုချီးမြှင့်ပေးမည့်သူများထဲတွင် ပင်နီ လုခရုဇ်၊ ဂဲလ်ဂါဒေါ့နှင့် Salma Hayek အပါအဝင် နိုင်ငံတကာမှ သရုပ်ဆောင်များစွာ ပါဝင်မည်ဖြစ်သည်။
အဆိုနှင့် အက တင်ဆက်မှု
ဂရမ်မီဆုပေးပွဲကျင်းပပြီး နှစ်ပတ်ခန့်အကြာတွင် ပြုလုပ်မည့် အော်စကာဆုပေးပွဲတွင် ဂီတဖျော်ဖြေ တင်ဆက်မှုများစွာ ပါဝင်မည်ဖြစ်သည်။ ဂရမ်မီဆုပေးပွဲ၏ စံချိန်ကို ချိုးဖျက်ခဲ့သည့် ဂျိမ်းစ်ဘွန်းဇာတ်ကား၏ ဇာတ်ဝင်သီချင်းသီဆိုမည့် ဆယ်ကျော်သက်အဆိုတော် ဘီလီအိုင်းလစ်နှင့် Funk အဆိုတော် Janelle Monae တို့သည်လည်း အော်စကာဆုပေးပွဲတွင် ဖျော်ဖြေမည်ဖြစ်သည်။
ဗြိတိန်အဆိုတော် အယ်လ်တန်ဂျွန်က ဆန်ခါတင်စာရင်းတွင် ပါဝင်သည့် (I’m Gonna) Love Me Again သီချင်းဖြင့် ဖျော်ဖြေမည်ဖြစ်သည်။
ကက်နှင့် ဂိုဘီအတွက် ဂုဏ်ပြုမှု
နှစ်စဉ်ပြုလုပ်သည့် အော်စကာဆုပေးပွဲတွင် တစ်နှစ်တာအတွင်း သေဆုံးခဲ့သည့် ဟောလိဝုဒ် ထင်ရှားကျော်ကြားသူများအတွက် ဂုဏ်ပြုမှု ပြုလုပ်ပေးနေကြဖြစ်သည်။ ဖေဖော်ဝါရီ ၅ ရက်တွင် သေဆုံးခဲ့သည့် ဟောလိဝုဒ်ရွှေခေတ်၏ အထင်ကရသရုပ်ဆောင် ကက်ဒေါက်ကလဂ်နှင့် ဇန်နဝါရီ ၂၆ ရက်တွင် သေဆုံးခဲ့သည့် အော်စကာဆုရ ဘတ်စကက် ဘောကစားသမား ကိုဘီဘရိုင်ယန်အတွက် ဂုဏ်ပြုတင်ဆက်မှု ပါဝင်မည်ဖြစ်သည်။
ဘရက်ပစ်အတွက် သရုပ်ဆောင်ဆု
အော်စကာသရုပ်ဆောင်ဆုကို တစ်ကြိမ်မှ မရရှိသေးသည့် ဘရက်ပစ်သည် ယခုနှစ်တွင် Once Upon a Time…. in Hollywood ဇာတ်ကားဖြင့် ဇာတ်ပို့သရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည်။ ယခုနှစ် ရုပ်ရှင်ဆုပေးပွဲများတွင် ဘရက်ပစ်သည် ယင်းဇာတ်ကားဖြင့် ဆုများစွာ ရရှိထားသည်။
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့
-
အလန်ရှီးယား ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်ကစားသမား (၄)ဦးပါဝင်ပြီး မန်စီးတီးနှင့် အာဆင်နယ်မှ ပါဝင်ခြင်းမရှိ