ကယ်လီဖိုးနီးယားပြည်နယ်ရှိ Dolby ပြဇာတ်ရုံ၌ ဖေဖော်ဝါရီ ၉ ရက်က ကျင်းပခဲ့သည့် ဟောလိဝုဒ်၏ ထိပ်တန်းရုပ်ရှင်ဆုပေးပွဲဖြစ်သော အော်စကာဆုပေးပွဲတွင် တောင်ကိုရီးယားဇာတ်ကား Parasite က အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မူရင်းဇာတ်ညွှန်းဆုနှင့် အကောင်းဆုံးနိုင်ငံခြားဘာသာ စကားပြောဇာတ်ကားဆုတို့ကို ဆွတ်ခူးခဲ့သည်။
တောင်ကိုရီးယားတွင် လူတန်းစားကွာဟချက်အကြောင်းကို သရော်ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် အော်စကာဆုပေးပွဲ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဇာတ်ကားဆုရရှိသည့် ပထမဆုံး နိုင်ငံခြားဘာသာစကားပြောဇာတ်ကား ဖြစ်လာခဲ့သည်။
Parasite ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကားဆုနှင့် နိုင်ငံခြားဘာသာစကား ပြောဇာတ်ကားဆုကို ပထမဆုံးရရှိခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။
“ကျွန်တော် ရုပ်ရှင်နဲ့ပတ်သက်တဲ့ပညာတွေ သင်ယူနေတဲ့အချိန်မှာ မာတင်စကော့ဆေးဆေးရဲ့ ဇာတ်ကားတွေကို လေ့လာသင်ယူခဲ့တယ်။ ဒါရိုက်တာဆုအတွက် ဆန်ခါတင်စာရင်းဖော်ပြခံရတာကပဲ ကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဆုရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။ အမေရိ ကန်ကလူတွေ ကျွန်တော့်ဇာတ်ကားတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့အချိန်မှာ ကွန်တင်တာရန်တီနိုက သူ့အကြိုက်ဆုံး ဇာတ်ကားစာရင်းမှာ ကျွန်တော့်ဇာတ်ကားတွေကို ထည့်သွင်းခဲ့တယ်။ သူ့ကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော်နဲ့အတူ ဆန်ခါတင်စာရင်းမှာဖော်ပြခံရတဲ့ တော့ဖီးလစ်နဲ့ဆမ်မန်ဒက်တို့ကလည်း ကျွန်တော်လေးစားရတဲ့ သူတွေပါ။ အော်စကာဆုရွေးချယ်တဲ့အဖွဲ့ကသာခွင့်ပြုမယ်ဆိုရင် ဒီဆုကို ငါးပိုင်းပိုင်းပြီး ခွဲယူချင်ပါတယ်” ဟု Bong က ပြောကြားခဲ့သည်။
ဟွာကင်းဖီးနစ်က Joker ဇာတ်ကားတွင် ပါဝင်သည့် Arthur Fleck/Joker ဇာတ်ကောင်ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဟွာကင်းဖီးနစ်သည် အနုပညာသက်တမ်း ၃၆ နှစ်ကျော်အတွင်း ပထမဆုံးရရှိခဲ့သည့် အော်စကာဆုအတွက် ဆု လက်ခံစကားပြောကြားရာတွင် တရားမျှတမှုမရှိမှုနှင့် ကိုယ်ကျိုးကြည့်သော သဘောထားခံယူချက်တို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပျက်စီးခြင်းများဖြစ်စေသည်ဟု ပြောကြားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဆေးလွန်ပြီး သေဆုံးခဲ့သည့် အစ်ကိုဖြစ်သူ သရုပ်ဆောင် ရေဗာဖီးနစ်အတွက်လည်း ဖီးနစ်ကချီးကျူးဂုဏ်ပြုခဲ့သည်။
အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် Renee Zellweger က အမေရိကန် အဆိုတော်သရုပ်ဆောင် ဂျူဒီဂါလန်၏အတ္ထုပ္ပတ္တိကို ရိုက်ကူးထားသည့် Judy ဇာတ်ကားဖြင့် ရရှိခဲ့သည်။
အကောင်းဆုံးအမျိုးသားဇာတ်ပို့ သရုပ်ဆောင်ဆုကို ဘရက်ပစ်က Once Upon a Time …. In Hollywood ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ယင်းဆုသည် ဘရက်ပစ်အတွက် သရုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ပထမဆုံးရရှိသည့် အော်စကာဆုဖြစ်သည်။
အကောင်းဆုံးအမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆုကို Laura Dern က Marriage Story ဇာတ်ကားဖြင့် ရရှိခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် ဇနီးဖြစ်သူ မီရှယ်အိုဘားမားတို့၏ ထုတ်လုပ်ရေးကုမ္ပဏီ Higher Ground Productions ၏ ပထမဆုံးဇာတ်ကားဖြစ်သည့် American Factory က အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့သည်။
အကောင်းဆုံးအန်နီမေးရှင်းဇာတ်ကားဆုကို Toy Story 4 က ရရှိခဲ့ပြီး Jojo Rabbi ဇာတ်ကားက အကောင်းဆုံးမှီငြမ်းဇာတ်ညွှန်းဆုကို ရရှိခဲ့သည်။ Best Original Song ဆုကို Rocketman ဇာတ်ကားတွင် ပါဝင်သည့် ( I’m Gonna) Love Me Again သီချင်းဖြင့် အယ်လ်တန်ဂျွန်က ရရှိခဲ့သည်။ Best Original Score ဆုကို အမျိုးသမီးဂီတပညာရှင် Hildur Guonadottir က Joker ဇာတ်ကားဖြင့် ရရှိခဲ့သည်။
အကောင်းဆုံးဇာတ်ကားဆုအတွက် ရေပန်းစားခဲ့သည့် 1917 ဇာတ်ကားသည် အကောင်းဆုံးရုပ်ရှင် အတတ်ပညာရှင်ဆု၊ Best Sound Editing ဆု၊ Best Sound Mixing ဆုနှင့် Best Visual Effects ဆုတို့သာ ဆွတ် ခူးခဲ့သည်။
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့
-
အလန်ရှီးယား ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်ကစားသမား (၄)ဦးပါဝင်ပြီး မန်စီးတီးနှင့် အာဆင်နယ်မှ ပါဝင်ခြင်းမရှိ