Top News

စူပါဟီးရိုးဇာတ်ကား Birds of Prey က မြောက်အမေရိက လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဦးဆောင်
24htopnews | June 1, 2024 3:12 PM CST

၀ါနာဘရားသားစ်၏ စူပါဟီးရိုးဇာတ်ကား Birds of Prey သည်မြောက်အမေရိက လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဦးဆောင်ခဲ့သော်လည်း စူပါဟီးရိုး ဇာတ်ကားတစ်ကားအတွက် အားရလောက်စရာ ကောင်းသောဝင်ငွေ မရခဲ့ပေ။

ဖေဖော်ဝါရီ ၇ ရက်တွင် ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည်  မြောက်အမေရိကတွင် သုံးရက်အတွင်း ဝင်ငွေ ဒေါ်လာ ၃၃ သန်း ရရှိခဲ့ကြောင်း၊ စူပါဟီးရိုးဇာတ်ကားအတွက် နှစ်ပေါင်းများစွာအတွင်း ပြည်တွင်း ဝင်ငွေအနည်းဆုံးရရှိသည့် ဇာတ်ကားတစ်ကားဖြစ်လာကြောင်း Hollywood Reporter က ဖော်ပြခဲ့သည်။

DC Comics ၏ စူပါဟီးရိုးအဖွဲ့ Birds of Prey ကို အခြေပြုရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် မာဂေါ့ရော့ဘီ၊ အလီဝေါင်၊ အီလာဂျေးဘက်စ်ကို၊ MaryElizabeth Winstead ၊ Jurnee Smollett-Bell ၊ Rosie Perez ၊ Chris Messina တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားတွင် မာဂေါ့ရော့ဘီက Joker ၏ ရည်းစားဟောင်း Harley Quinn အဖြစ် သရုပ်ဆောင်ထားသည်။ အမေရိကန်- တရုတ်ဒါရိုက်တာ Cathy Yan ရိုက်ကူးသည့် ယင်းဇာတ်ကားအတွက် ဒေါ်လာ သန်း ၈၀ ကျော် အသုံးပြုခဲ့သည်ဟု DC Films က ထုတ်ပြန်ခဲ့သည်။

ယင်းဇာတ်ကားအတွက် မြောက်အမေရိကတွင် ပွဲဦးထွက်ဖြန့်ချိမှုဝင်ငွေ ဒေါ်လာ သန်း ၅၀ ကျော်ရရန် ခန့်မှန်းခဲ့သော်လည်း လွဲချော်ခဲ့သည်ဟု ၀ါနာဘရားသားစ်က ထုတ်ပြန်ခဲ့သည်။ အာရှတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခန့်မှန်းသလောက်ဝင်ငွေ ရရှိမည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။ Birds of Prey ဇာတ်ကားကို တရုတ်တွင် ဖြန့်ချိရန် မစီစဉ်ထားပေ။

ဆိုနီ၏ Bad Boys for Life အက်ရှင် ဇာတ်မြူးဇာတ်ကားသည် ဒေါ်လာ ၁၂ သန်းဖြင့် ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ ဇန်နဝါရီ ၁၇ ရက်က ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ် ရောင်းချမှုဝင်ငွေ စုစုပေါင်း ဒေါ်လာ ၃၃၆ သန်းကျော် ရရှိခဲ့သည်။

အော်စကာဆုပေးပွဲကျင်းပမည့် သီတင်းပတ်တွင် အကောင်းဆုံး ဇာတ်ကားဆုအတွက် ရေပန်းစားနေသည့် ၁၉၁၇ ဇာတ်ကားကို ကြည့်ရန် ပရိသတ်များက စိတ်အားထက်သန်နေမှုကြောင့် ဇာတ်ကားသစ်အတွက် လက်မှတ်ရောင်းချမှုဝင်ငွေသည် မှန်းသလောက် မရခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာ ဆမ်မက်ဒက်ဇ် ရိုက်ကူးသည့် ပထမကမ္ဘာစစ်ပွဲ နောက်ခံဇာတ်ကားသည် ဒေါ်လာ ၁၂ သန်းဖြင့် မြောက်အမေရိက လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၏ တတိယနေရာတွင် ရပ်တည်ခဲ့သည်။ အော်စကာဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ကားဆုနှင့် လွဲချော်ခဲ့သည့် ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေ စုစုပေါင်း ဒေါ်လာသန်း ၂၉၀ ကျော် ရရှိခဲ့သည်။

 


READ NEXT
Cancel OK