Top News

မာဒေါင်ဆွတ်နှင့် အန်ဂျလီနာဂျိုလီတို့က မာဗယ်ရုပ်ရှင်ဇာတ်ကားသစ် Ethernals တွင် အတူသရုပ်ဆောင်ခဲ့ကြသည့် အတွေ့အကြုံများကို ပြောကြား
24htopnews | June 1, 2024 1:12 AM CST

တောင်ကိုရီးယားအမျိုးသား သရုပ်ဆောင်မာဒေါင်ဆွတ်က မာဗယ်ရုပ်ရှင်ဇာတ်လမ်းသစ်ဖြစ်သော Ethernals တွင် ပါဝင်သရုပ်ဆောင်ခဲ့ချိန်က အတွေ့အကြုံများကိုအွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟပြောကြားခဲ့သည်။

မာဒေါင်ဆွတ်သည် ယင်းရုပ်ရှင်ကားတွင် စူပါဟီးရိုး Gilgamesh ဇာတ်ကောင်နေရာတွင် ပါဝင်သွား မည်ဖြစ်သည်။အန်ဂျလီနာဂျိုလီနှင့် ဆယ်မာဟာရတ်တို့အပါအဝင် ယင်းဇာတ်ကားတွင်အတူ သရုပ်ဆောင်ခဲ့ကြသည့် သရုပ်ဆောင်များနှင့် ပတ်သက်၍ မာဒေါင်ဆွတ်က “ဒီရုပ်ရှင်ကားမရိုက်မီ အခြားသရုပ်တွေနဲ့တစ်ခါ ဒါမှမဟုတ် နှစ်ခါလောက်ပဲတွေ့ဆုံခဲ့တာပါ။ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ ကျွန်တော်တို့တွေ မိသားစုတွေလို၊ သူငယ်ချင်းကောင်းတွေလို ဖြစ်သွားကြပါတယ်။ရုပ်ရှင်ရိုက်ကူးနေစဉ် တစ်လျှောက်လုံး တစ်ယောက်အတွက်တစ်ယောက် အမြဲရှိနေပေးခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒါက အံ့အားသင့်ဖွယ်ကောင်းတဲ့ အတွေ့အကြုံဖြစ်ခဲ့ပါတယ်။ဒီအံ့အားသင့်ဖွယ်အားလုံးကို ရုပ်ရှင်ထဲမှာ ရိုက်ကူးထားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မာဒေါင်ဆွတ်က ဆိုသည်။

ဆယ်မာဟာရတ်သည် အမတစ်ယောက်ကဲ့သို့ ဂရုစိုက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အန်ဂျလီနာဂျိုလီကလည်း အံ့သြဖွယ်သရုပ်ဆောင်တစ်ဦးဖြစ်ကြောင်း၊၎င်းနှင့်အတူ တွဲဖက်သရုပ်ဆောင်သည့် အခြားမင်းသားများကို သက်တောင့်သက်သာရှိစေကြောင်း မာဒေါင်ဆွတ်က ၎င်း၏အတွေ့အကြုံများကို ပြောကြားခဲ့သည်။

ယင်းအွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် ဂျိုလီက အံ့အားသင့်ဖွယ်ပေါ်လာခဲ့ပြီး မာဒေါင်ဆွတ်နှင့်အတူ တွဲဖက်အလုပ်လုပ်ကိုင်ရသည်မှာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

“ကျွန်မက သူ့ရဲ့ပရိသတ်ပါ။ သူနဲ့အတူတွဲပြီး အက်ရှင်ရိုက်ကွင်းတွေကို သရုပ်ဆောင်ရတာ မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ဂျိုလီက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ခြောက်နှစ်က Train to Busan ရုပ်ရှင်ဇာတ်ကား ထွက်ရှိခဲ့ပြီးနောက် ဟောလိဝုဒ်မှ ကမ်းလှမ်းချက်အများအပြားရရှိခဲ့ကြောင်း၊အက်ရှင်ဇာတ်ကားများနှင့် အခြားစူပါဟီးရိုးဇာတ်ကားများ ကမ်းလှမ်းမှုကိုလက်ခံခဲ့ကြောင်း မာဒေါင်ဆွတ်ကပြောကြားခဲ့သည်။


READ NEXT
Cancel OK