Top News

မူးယစ်ဆေးမှုဖြင့် အဖမ်းခံထားရသည့် ရှာရွတ်ခန်၏သား အာယန်ခန် အာမခံရ
24htopnews | June 1, 2024 1:12 AM CST

ရှာရွတ်ခန်၏သား အာယန်ခန်ကို မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးထားပြီး သုံးပတ်အကြာ အောက်တိုဘာ ၂၈ ရက်တွင် မွမ်ဘိုင်းတရားရုံးက အာမခံဖြင့်လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ပါတီရှိသည်ဆိုသည့် သတင်းရထားမှုကြောင့် အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့က မွမ်ဘိုင်းမှ ဂိုအာသို့သွားမည့် အပျော်စီးသင်္ဘောတစ်စင်းကို ဝင်စီးခဲ့ရာ လူအချို့တွင် မူးယစ်ဆေးဝါးများ ရှာတွေ့ခဲ့သည်။ ထိုအမှုဖြင့်ဆက်နွှယ်ပြီး ဘောလိဝုဒ်ရုပ်ရှင်လောက၏ဘုရင် ရှာရွတ်ခန်၏ သားအကြီးဆုံး အသက် ၂၃ နှစ်အရွယ် အာယန်ခန်နှင့် အခြားလူ ၁၉ ဦးကို အိန္ဒိယမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ NCB က ဖမ်းဆီးခဲ့သည်။

NCB က အာယန်ခန်ကို မူးယစ်ဆေး လက်ဝယ်ထားမှု၊ သုံးစွဲမှု၊ ရောင်းချမှုတို့ဖြင့် စွဲချက်တင်ခဲ့ပြီး အာယန်၏ ရှေ့နေများကမူ စွဲချက်များကို ငြင်းဆိုခဲ့သည်။ အာယန်ခန် အာမခံရရေး လေးကြိမ်မြောက်ကြိုးပမ်းမှု၌ အောင်မြင်သွားခြင်းဖြစ်သည်။ ထိုအမှုသည် အိန္ဒိယသတင်းဌာနများ၊ သတင်းစာများတွင် ခေါင်းကြီးပိုင်းမှ မပြတ်တမ်းဖော်ပြခံခဲ့ရသည်။ ဆိုရှယ်မီဒီယာတွင်မူ ရှာရွတ်ခန်မိသားစုကို အားပေးထောက်ခံသည့်ပို့စ်များ ပြည့်နေခဲ့ပြီး အာယန်ခန်အမှုသည် အကွက်ဆင်ထားသည့်အမှုဟုလည်း အများစုက ယူဆပြောနေကြသည်။

အာယန် အာမခံရသည့် သတင်းထွက်လာပြီးနောက် ရှာရွတ်ခန်၏ မွမ်ဘိုင်းနေအိမ် အပြင်ဘက်တွင် ပရိသတ်များ လာရောက်စုဝေးအားပေးခဲ့ပြီး ဘောလိဝုဒ်လောကမှ ထိပ်တန်းအနုပညာရှင်များကလည်း ခန်တို့မိသားစုကို ဝမ်းပန်းတသာ အားပေးခဲ့ကြသည်။ ဟိုးလေးတကျော်ဖြစ်ခဲ့သည့် အာယန်ခန်အမှုကို စစ်ဆေးသည့် NCB အရာရှိဆမ်မီယာ ဝမ်ခီဒီဆိုသူသည် NCB ဌာနအတွင်း ပြန်လည်စစ်ဆေးခံရမည်ဖြစ်ပြီး လာဘ်စားမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတို့ဖြင့် နောက်တစ်ဦးကိုလည်း မွမ်ဘိုင်းရဲတပ်ဖွဲ့က စစ်ဆေးမည် ဖြစ်သည်။

အစပိုင်းတွင် မူးယစ်တိုက်ဖျက်ရေးအေဂျင်စီ NCB က အာယန်ခန်အမှုသည် နိုင်ငံတကာ မူးယစ်ဆေးအချိတ်အဆက်တစ်ခုကို ပြနေပြီး အာယန်၏ဖုန်းထဲတွင် မူးယစ်ဆေး အကြောင်းပြောဆိုထားသည့် WhatsApp မက်ဆေ့များ တွေ့သည်ဟုဆိုကာ အာမခံပေးရန်ကိစ္စကို ကန့်ကွက်ခဲ့သည်။ အောက်တိုဘာ ၂၂ ရက်တွင်လည်း အာယန်ခန်၏သူငယ်ချင်း ရုပ်ရှင်မင်းသမီး အနန်ညာပန်ဒေကို NCB က ဆင့်ခေါ်စစ်ဆေးလိုက်သေးသည်။

India Today သတင်းဖော်ပြချက်အရ အာယန်နှင့် အနန်ညာတို့နှစ်ဦးသည် WhatsApp တွင် ဆေးခြောက်အကြောင်း ပြောဆိုထားကြပြီး အာယန်က သူမကို ဆေးခြောက် ရှာခိုင်းခဲ့သည်ဟု ဆိုသည်။

ဟိန္ဒူရုပ်ရှင်လောကတွင် မူးယစ်ဆေးသုံးမှု ကျယ်ပြန့်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာချိန် ဘောလိဝုဒ်သရုပ်ဆောင်အများစုနှင့် ရုပ်သံနယ်ပယ်မှ ကျော်ကြားသူများသည် မနှစ်ကစတင်ကာ ဆင့်ခေါ်မှုများ ကြုံလာရသည်။ ၂၀၂၀ ခုနှစ်တွင် NCB က ဒီပီကာပါဒူကွန်အပါအဝင် ရုပ်ရှင်မင်းသမီးလေးဦးကို ဆင့်ခေါ်ခဲ့သည်။ သို့သော်တစ်ဦးမှ အရေးယူမခံရပေ။ ဘောလိဝုဒ်ကြယ်ပွင့်မင်းသား ဆူရှန့်ဆင်းသေဆုံးမှုနှင့် ပတ်သက်၍လည်း မနှစ်ကစက်တင်ဘာတွင် ဆူရှန့်၏ ချစ်သူ မင်းသမီးရီယာချက်ကရာဘာတီကို မူးယစ်ဆေးဝယ်ပေးမှုဖြင့် NCB က ဖမ်းဆီးလိုက်သည်။ သို့သော် တစ်လအကြာတွင် ပြန်လွတ်လာသည်။


READ NEXT
Cancel OK