Top News

အိန္ဒိယအော်စကာဆုပေးပွဲတွင် သူလျှိုဇာတ်ကား Raazi က အကောင်းဆုံးဇာတ်ကားဆု ရရှိ
24htopnews | May 5, 2024 3:12 AM CST

အိန္ဒိယအော်စကာဆုပေးပွဲဟု ခေါ်ဆိုသော အပြည်ပြည်ဆိုင်ရာ အိန္ဒိယရုပ်ရှင် အကယ်ဒမီ IIFA ဆုပေးပွဲကို စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့ရာ သည်းထိတ်ရင်ဖိုသူလျှိုဇာတ်ကား Raazi က အကောင်းဆုံး ဇာတ်ကားဆုနှင့် လူငယ်သရုပ်ဆောင် အလီယာဘတ်က အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

ဆယ်စုနှစ်နှစ်ခုကြာ ကျင်းပလာခဲ့ပြီးနောက်ပိုင်း မွမ်ဘိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သော ထိုဆုပေးပွဲ၌ ဟိန္ဒူအစွန်းရောက်များအား ဒေါသထွက်စေခဲ့သည့် အငြင်းပွားဖွယ် သမိုင်းနောက်ခံဇာတ်ကား Padmaavat မှ သရုပ်ဆောင် ရန်ဗီယာဆင်းက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။ ဘောလိဝုဒ်တွင် ရှားပါးသော အမျိုးသမီးအမှုဆောင်များအနက်တစ်ဦးဖြစ်သည့် Meghna Gulzar က ရိုက်ကူးခဲ့သော Raazi ဇာတ်ကားသည် ပါကစ္စတန်အစိုးရ တာဝန်ရှိသူတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲမတိုင်မီ ထောက်လှမ်းရေးအချက်အလက်များ ပေးပို့ခဲ့သော ကက်ရှ်မီးယားသူလျှိုတစ်ဦး၏အကြောင်းကို ပုံဖော်ထားခြင်းဖြစ်သည်။

လူသတ်မှုတစ်ခုအား မျက်မြင်ကြုံတွေ့လိုက်ရသော အမြင်ကွယ်လုနီးပါး ဖြစ်နေသည့် စန္ဒရားတီးသူတစ်ဦး၏အကြောင်းကို ရိုက်ကူးထားသော Andhadhun ဇာတ်ကားဖြင့် ဒါရိုက်တာ ဆရီရမ်ရက်ဟာဗန်က အကောင်းဆုံးဒါရိုက်တာဆုအပြင် အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် ဇာတ်ကားဆုကိုလည်း ချီးမြှင့်ခံခဲ့ရသည်။

ရိုက်ကူးရေးစတင်သည်နှင့်တစ်ပြိုင်နက် အပြင်းအထန် ဝေဖန်တိုက်ခိုက်မှုများ ကြုံခဲ့ရသော Padmaavat ဇာတ်ကားတွင် ပါဝင်ခဲ့သည့် အဒီတီရောင် ဟိုင်ဒါရီကလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။ ဘုရင်မ Padmaavat အား လွဲမှားစွာ ပုံဖော်ထားသည်ဟု စွပ်စွဲလျက် ဟိန္ဒူသဘော ထားတင်းမာသူများက ဇာတ်ကားရိုက်ကူးနေမှုအား တိုက်ခိုက်ခဲ့ပြီး ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့သောကြောင့် ဇာတ်ကားဖြန့်ချိမှု နှောင့်နှေးခဲ့ရသည်။

အီရန်ဒါရိုက်တာ မာဂျစ်မာဂျစ်ဒီ၏ Beyond the Clouds ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သော Ishaan Khattar က အကောင်းဆုံး မျက်နှာသစ် အမျိုးသားသရုပ်ဆောင်ဆုနှင့် Kedarnath ဇာတ်ကားတွင် ပါဝင်ခဲ့သော ဆာရာအလီခန်းက အကောင်းဆုံး မျက်နှာသစ် အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့သည်။

IIFA ဆုပေးပွဲအား ယခင်က အမေရိကန်၊ ဗြိတိန်၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်းတို့အပါအဝင် ဘောလိဝုဒ်အတွက် အဓိကကျသော ပြည်ပစျေးကွက်များတွင် ကျင်းပလာခဲ့ခြင်းဖြစ်သည်။ သို့သော် အိန္ဒိယရုပ်ရှင်စျေးကွက်သည် တစ်ရှိန်ထိုး တိုးတက်လာခဲ့သဖြင့် အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မွမ်ဘိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ဇာတ်ကား ၁၈၀၀ နီးပါး ထုတ်လုပ်ခဲ့သော အိန္ဒိယသည် ဇာတ်ကားထုတ်လုပ်မှုအရေအတွက်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာတွင်အကြီးဆုံး ဇာတ်ကားစျေးကွက် လည်းဖြစ်သည်။

 


READ NEXT
Cancel OK