Top News

သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန်နှင့်တွေ့ဆုံခြင်း
24htopnews | May 5, 2024 3:12 AM CST

ပြည်တွင်းတွင် ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးမည့်အပြင် ထိုင်းမှရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်ရန်စီစဉ်ထားသည့် သရုပ်ဆောင်ပိုင်တံခွန်မှာ ပြည်တွင်းသို့ ထိုင်းခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရန်အတွက် သံတမန်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်တော့မည်ဖြစ်သည်။ သရုပ်ဆောင်ပိုင်တံခွန်နှင့် တွေ့ဆုံ၍ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာဖန်တီးမှုများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ထိုင်းနိုင်ငံ ခရီးသွားမြှင့်တင်ရေးအတွက် သံတမန်ခန့်အပ်ခံရတဲ့ခံစားချက်ကို ပြောပြပေးပါဦး။

ဖြေ - Myanmar Tourism Federation နဲ့ ကျွန်တော်က ခရီးသွားသံတမန်အဖြစ် လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းက ကမ်းလှမ်းထားတယ်။ ဒါက ကုသိုလ်လည်းရတယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တတ်နိုင်သလောက် လုပ်ပေးခွင့်ရတာလည်းဖြစ်လို့ ကျေကျေနပ်နပ်ကို လုပ်ဆောင်ပေးဖြစ်တာပါ။ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် တခြားနိုင်ငံခြားသားတွေ လာလည်ပတ်တာကို ကျွန်တော်လည်း အရမ်းသဘောကျတယ်။ အဲဒီအတွက် ခရီးသွားလုပ်ငန်းမြင့်တက်ဖို့ တစ်ထောင့်တစ်နေရာက ပါဝင်ဖြစ်တာပါ။

မေး - ခရီးသွားလုပ်ငန်းမြှင့်တင်မယ်ဆိုတော့ ဘယ်လိုလုပ်ငန်းတွေ လုပ်ဆောင်သွားမလဲ။

ဖြေ - အတိအကျတော့ ပြောလို့မရဘူး။ မြန်မာနိုင်ငံကို ဒီထက်ပိုပြီး ခရီးသွားတွေစိတ်ဝင်စားအောင်၊ လာရောက်လည်ပတ်အောင် လေ့လာပြီးလုပ်ဆောင်သွားမှာပါ။ မြန်မာနိုင်ငံမှာဆိုလည်း မတူကွဲပြားတဲ့ သဘာဝတရားတွေ၊ အရမ်းလှပတဲ့နေရာတွေ အများကြီးရှိတယ်။ ထူးခြားဆန်းပြားတဲ့ နေရာတွေလည်းရှိတယ်။ အဲဒီအလှအပတွေကို ကျွန်တော်တို့ကဖော်ထုတ်ပြီး Promote လုပ်မှသာ တခြားနိုင်ငံသားတွေက သိရှိပြီးလာလည်မှာလေ။ အဲဒီအတွက်ကြိုးစားသွားမှာပါ။

မေး - ကိုယ်တိုင်ရော ခရီးသွားရတာကို ၀ါသနာပါလား။

ဖြေ - ကျွန်တော်ခရီးသွားရတာကို အရမ်းကြိုက်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကဆိုရင် ခရီးတစ်ခုသွားတယ်ဆို ဓာတ်ပုံအပြေးအလွှားရိုက်ပြီး Facebook ပေါ်တင်ဖို့လုပ်တယ်။ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ ခရီးတစ်ခုရောက်ပြီဆိုရင် အဲဒီဒေသရဲ့ အလှအပကို အရင်ဆုံးခံစားတယ်။ ပြီးတာက နောက်မှလုပ်တယ်။ နိုင်ငံခြားသွားတယ်ဆိုလည်း လေဆိပ်ကနေ ကိုယ်တည်းမယ့်နေရာအထိက သူတို့ဆီမှာ ဘယ်လိုတွေပြောင်းလဲနေလဲ၊ တိုးတက်နေလဲဆိုတာ လေ့လာဖြစ်တယ်။ ပြည်တွင်းလည်း ဒီအတိုင်းပဲပေါ့။

မေး - ပရိသတ်တွေကြားထဲမှာ ထင်ရှားသူတစ်ယောက်ဖြစ်လို့ အခုလိုလုပ်ငန်းမှာပါဝင်ခွင့်ရတာက ပိုပြီးထိရောက်တယ်လို့ထင်လား။

ဖြေ - ကျွန်တော်က သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်တယ်။ ပုဂံလို အင်းလေးလိုနေရာမျိုးတွေမှာ ရိုက်ကူးရေးတွေသွားပြီးတော့ တခြားနိုင်ငံကသူတွေသိအောင် လုပ်ပေးရမှာပေါ့။ သရုပ်ဆောင်မော်ဒယ်လ် ဖြစ်တဲ့အတွက် ပျံ့နှံ့မှုပိုပြီးရှိမယ်လို့ထင်ပါတယ်။ အရင်ကဆိုရင် ဒေသန္တရဗဟုသုတက အကြမ်းဖျင်းလောက်ပဲသိတဲ့ အနေအထားပေါ့။ အခုကတော့သေချာသိအောင် ကြိုးစားရမယ်။ တခြားနိုင်ငံကသူတွေက မေးခဲ့ရင်လည်း သေချာရှင်းပြနိုင်အောင် ကြိုးစားရမှာပေါ့။

မေး - ပိုင်တံခွန် Account အတုနဲ့ ငွေလိမ်တဲ့ ပြဿနာကိုရော ဘယ်လိုဖြေရှင်းထားလဲ။

ဖြေ - ပိုင်တံခွန် Account အတုနဲ့ ငွေလိမ်တာတွေကိုသိတယ်။ သူနဲ့လည်း ဖုန်းအဆက်အသွယ်ရတယ်။ နှစ်ယောက်သုံးယောက်လည်း လာပြောကြတယ်။ ကျွန်တော့်မန်နေဂျာ ကိုစိုင်းဆိုပြီး ငွေတွေလိမ်နေတယ်လို့ သိရတယ်။ ဒီအသိုင်း အဝိုင်းတစ်ခုတည်းကသူပဲလို့တော့ ထင်တယ်။ Recording အတိအကျလည်း ယူထားတယ်။ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ထားတယ်။ လူတိုင်းမှာ သူ့အခက်အခဲနဲ့သူ ရှိပေမယ့် မဖြစ်စေချင်ဘူး။

မေး - ခရီးသွားသံတမန်အနေနဲ့ Promote လုပ်မယ့် အစီအစဉ်တွေကို ဘယ်တော့လောက်စမလဲ။

ဖြေ - နိုဝင်ဘာလနောက်ပိုင်းလောက်မှာ စပါမယ်။ ရှေ့မှာ ကားကြီးတွေ လက်ခံထားတာရှိတယ်။ နိုဝင်ဘာနောက်ပိုင်းမှာ ဓာတ်ပုံလေးတွေရိုက်ပြီးမှ Promote လုပ်ဖြစ်မယ်။

မေး - ပိုင်တံခွန်ကို မြန်မာပရိသတ်တွေတင်မကဘဲ ထိုင်းပရိသတ်တွေကပါ ချစ်ခင်အားပေးတာက အဓိက ဘာကြောင့်လို့ထင်လဲ။

ဖြေ - ကြိုးစားမှုလည်းပါသလို အတိတ်ကံလည်း ကောင်းခဲ့လို့ထင်ပါတယ်။ အတိတ်ကံလေး ရေရှည်ခိုင်မြဲဖို့အတွက်လည်း ကုသိုလ်ကောင်းမှုတွေ လုပ်ရတယ်။ ကိုယ်နေ့တိုင်း ရှင်သန်နေတဲ့ဘဝမှာ အဆိုးတွေလျှော့ပြီး ကောင်းမှုကုသိုလ် များများလုပ်မယ်ဆိုရင် အတိတ်ဘဝမှာ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံရှိရင်လည်း အခုဘဝ ကုသိုလ်ကြောင့်ပိုပြီး ထွန်းလင်းလာမယ်။ အကုသိုလ် တွေရှိခဲ့ရင်လည်း အခုဘဝကုသိုလ်ကောင်းမှုကြောင့် လျော့ကျသွားမယ်လို့ ခံယူထားတယ်။

                 

             

 

 


READ NEXT
Cancel OK