၂၀၂၀ ပြည့်နှစ် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် သရုပ်ဆောင်တွမ်ဟင့်စ်ကို Cecil B. DeMille ဆု ပေးအပ်မည်ဟု Hollywood Foreign Press Association (HFPA) က စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“တွမ်ဟင့်စ်က ဆယ်စုနှစ် သုံးခုကျော်မှာ ဇာတ်ကောင်မျိုးစုံနဲ့ ပရိသတ်ကို ဖမ်းစားခဲ့တယ်။ သူက စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ဦးအနေနဲ့လည်း အောင်မြင်မှု ရခဲ့တယ်” ဟု HFPA ဥက္ကဋ္ဌ လိုရန်ဇိုဆိုရီယာက ပြောကြားခဲ့သည်။
ရုပ်ရှင်လောကအတွက် အဓိကအရေးပါသည့် ဆုပေးပွဲတစ်ခုဖြစ်သည့် ရွှေကမ္ဘာလုံးဆုပေးပွဲ၏ (၇၇)ကြိမ်မြောက် ဆုပေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။
Cecil B. DeMille ဆုသည် အနုပညာလောကအတွက် ပါဝင်အကျိုးပြုခဲ့သည့် အနုပညာရှင်များအား အသိအမှတ်ပြုမှုအဖြစ် ချီးမြှင့်သည့်ဆုဖြစ်သည်။ ရောဘတ်ဒီနီယို၊ ဟာရီဆင်ဖို့ဒ်၊ ဂျိုဒီဖော်စတာ၊ စတီဗင်စပီးဘာ့ဂ်၊ ဂျက်ဖ်ဘရေ့ချ်၊ ရော်ဘင်ဝီလျံ၊ ဒန်ဇယ်ဝါရှင်တန်တို့သည်လည်း ယင်းဆုဖြင့် ဂုဏ်ပြုခံခဲ့ရဖူးသည်။
Big, Philadelphia, Forrest Gump, Cast Away, Saving Private Ryan ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ဟင့်စ်သည် ၂၀၁၈ ခုနှစ် ရွှေကမ္ဘာလုံး ဆုဆန်ခါတင်စာရင်းတွင် The Post ဇာတ်ကားဖြင့် ရွှေကမ္ဘာလုံးဆုအတွက် လျာထားခံခဲ့ရသည်။
ဟင့်စ်သည် ၁၉၉၃ခုနှစ် အော်စကာဆုပေးပွဲတွင် Philadelphia ဇာတ်ကားနှင့် ၁၉၉၄ ခုနှစ် အော်စကာဆုပေးပွဲတွင် Forrest Gump ဇာတ်ကားတို့ဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့သည့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ အသက် ၆၃ နှစ်အရွယ်ရှိ ဟင့်စ်သည် အမ်မီဆုခုနစ်ဆုနှင့် ရွှေကမ္ဘာလုံးဆု လေးဆုလည်း ရရှိထားသူဖြစ်သည်။
ဟင့်စ်သည် ၂၀၀၉ ခုနှစ်တွင် အမေရိကန်ရုပ်ရှင်အဖွဲ့က ပေးအပ်သည့် တစ်သက်တာအောင်မြင်မှုဆုကိုလည်း ရရှိခဲ့သည်။
ယခုနှစ် နိုဝင်ဘာတွင်ဖြန့်ချိမည့် A Beautiful Day in the Neighbour ဇာတ်ကားတွင် ဟင့်စ်က အမေရိကန်ရုပ်သံအစီအစဉ်တင်ဆက်သူ၊ ဂီတပညာရှင်၊ ထုတ်လုပ်သူ ဖရက်ရော်ဂျာအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။
ဟင့်စ်သည် ဒုတိယကမ္ဘာစစ်ပွဲနောက်ခံဇာတ်ကား Greyhound၊ အနာဂတ်မျှော်ဇာတ်ကား BIOSနှင့် ပြည်တွင်းစစ်အလွန် ကာလနောက်ခံဇာတ်ကား News of the World ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်