Top News

မာဗယ်စတူဒီယိုဥက္ကဋ္ဌက Star Wars ဇာတ်ကားသစ်ကို စီစဉ်ထုတ်လုပ်မည်
24htopnews | May 5, 2024 3:12 AM CST

မာဗယ်စတူဒီယိုဥက္ကဋ္ဌ ကီဗင်ဖေဂီက Star Wars ဇာတ်ကားများ၏ နောက်ထပ်စီမံကိန်းအသစ်တစ်ခုအဖြစ် ဇာတ်ကားသစ်တစ်ကား စီစဉ်ထုတ်လုပ်မည်ဟု Hollywood Reporter က စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Star Wars ကမ္ဘာတွင် ဇာတ်ကားသစ်ထုတ်လုပ်ရန် ပြင်ဆင်မှုအတွက် Lucasfilm စတူဒီယိုဥက္ကဋ္ဌ ကတ်သလင်းကနေဒီက ပြင်ဆင်နေစဉ် ဖေဂီသည် Lucasfilm အဖွဲ့နှင့် ပူးပေါင်းခဲ့သည်ဟု Hollywood Reporter က ဖော်ပြခဲ့သည်။

“ကေသီ (ကတ်သလင်း)နဲ့ Lucasfilm အဖွဲ့က ပူးပေါင်းလုပ်ဆောင်ရမယ့် စီမံကိန်းတွေနဲ့ပတ်သက်ပြီး အရမ်းကိုစိတ်လှုပ်ရှားနေကြတယ်” ဟု မာဗယ်နှင့် Lucasfilm ကုမ္ပဏီ နှစ်ခုစလုံးကို ပိုင်ဆိုင်သည့် ဝေါ့ဒစ္စနေကုမ္ပဏီ၏ ပူးတွဲဥက္ကဋ္ဌနှင့် တီထွင်ဖန်တီးမှုဆိုင်ရာအကြီးအကဲဖြစ်သည့် အလန်ဟွန်းက ပြောကြားခဲ့သည်။

ဖေဂီ၊ ကတ်သလင်းကနေဒီ၊ အလန်ဟွန်းနှင့် အလန်ဘာ့ဂ်မန်တို့သည် နွေရာသီနှောင်းပိုင်းတွင် တွေ့ဆုံခဲ့ပြီး Star Wars ဇာတ်ကားများရိုက်ကူးရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ဖေဂီသည် MCU ၏ စူပါဟီးရိုးဇာတ်ကား ၂၂ ကားကို စီစဉ်ထုတ်လုပ်ခဲ့သူဖြစ်သည်။ ဖေဂီ၏ ခေါင်းဆောင်မှုအောက်တွင် မာဗယ်စတူဒီယိုသည် အလွန်အမင်း အောင်မြင်မှုရရှိခဲ့ပြီး လက်မှတ်ရောင်းချမှု ဝင်ငွေစံချိန်သစ်များ တင်ခဲ့သည်။

ဝက်ဝက်ကွဲအောင်မြင်သော စူပါဟီးရိုးဇာတ်ကား Avengers: Endgame သည် ဝင်ငွေအများဆုံးရ ဇာတ်ကားအဖြစ် ဆယ်စုနှစ်တစ်ခုကြာ ကြီးစိုးခဲ့သည့် ဂျိမ်းစ်ကင်မရွန်၏ Avatar ဇာတ်ကားကို ဇူလိုင်တွင် ကျော်တက်ခဲ့ပြီး သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံးဇာတ်ကားဖြစ်လာခဲ့သည်။

ယခုနှစ် ဧပြီတွင် ဖြန့်ချိခဲ့သည့် Endgame ဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၂.၇၉ ဘီလျံ ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရုပ်ရှင်ရုံများ၌ ဖြန့်ချိခဲ့ပြီး အကြိမ်များစွာ ပြန်လည်ဖြန့်ချိခဲ့သည့် Avatar ဇာတ်ကားသည် ဝင်ငွေ ဒေါ်လာ ၂.၇၈ ဘီလျံရရှိခဲ့သည်။

Star Wars ဇာတ်ကားသစ် ထုတ်လုပ်မှုအပြင် ဖေဂီသည် မာဗယ်၏ ဇာတ်ကားသစ်များနှင့် Avengers ဇာတ်ကောင်များ ပါဝင်သည့် ရုပ်သံအစီအစဉ်များကိုလည်း ကြီးကြပ်မည်ဖြစ်သည်။

ဖေဂီသည် ၂၀၂၀ ပြည့်နှစ်တွင် ဖြန့်ချိမည့် Black Widow နှင့် Eternals ဇာတ်ကားများကိုလည်း စီစဉ်ထုတ်လုပ်ခဲ့သူဖြစ်သည်။

 


READ NEXT
Cancel OK