Top News

Win the World ဇာတ်လမ်းတွဲတွင် ဖန်ပင်းပင်းနှင့် ဂါဗင်ကောင်တို့ ပါဝင်သည့် ဇာတ်ဝင်ခန်းများကို ဖျက်ပြီး အသစ်ပြန်လည် ရိုက်ကူးမည်
24htopnews | May 4, 2024 8:12 AM CST

Win the World ဇာတ်လမ်းတွဲတွင် တရုတ်အမျိုးသမီး သရုပ်ဆောင် ဖန်ပင်းပင်း ပါဝင်သည့် ဇာတ်ဝင်ခန်းများကို ဖျက်ပြီး အသစ် ပြန်လည်ရိုက်ကူးမည်ဆိုသော ကြေညာချက်က ရုပ်သံလောကသို့ ပြန်လည်ဝင်ရောက်မည့် ဖန်၏မျှော်လင့်ချက်အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။

Win the World ဇာတ်လမ်းတွဲ၏ အဓိကဇာတ်ကောင်နှစ်ဦးဖြစ်သည့် ဖန်နှင့်  ဂါဗင်ကောင်တို့၏ ဇာတ်ဝင်ခန်းများကို ဖျက်ပြီး အခြားထိပ်တန်းသရုပ်ဆောင်များဖြင့် အစားထိုးရိုက်ကူးရန် Sky Cat Technology နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်ဟု ယင်းဇာတ်လမ်းတွဲ ထုတ်လုပ်ရေးတွင် ပါဝင်သည့် Zhejiang Talent Television & Film ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ပြန်လည်ရိုက်ကူးမှုအတွက် ဒေါ်လာ ရှစ်သန်းကျော် အသုံးပြုရမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဖန်၏ အခွန်လိမ်လည်မှုအရှုပ်တော်ပုံနှင့် ကောင်က ဆစ်ဒနီရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကြောင့်  ယင်းဇာတ်လမ်းတွဲမှ ၎င်းတို့နှစ်ဦး၏ ဇာတ်ဝင်ခန်းများကို ဖျက်ပြီး ပြန်လည်ရိုက်ကူးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Win the World (The Legend of Ba Qing) ဟု အမည်ပေးထားသည့် ဇာတ်လမ်းတွဲကို ၂၀၁၇ ခုနှစ်တွင် စတင်ရိုက်ကူးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထုတ်လွှင့်ရန် မူလက စီစဉ်ခဲ့သည်။

သို့သော် ယင်းဇာတ်လမ်းတွဲ၏အဓိက အမျိုးသားဇာတ်ကောင်တစ်ဦးဖြစ်သည့် ကောင်က ၂၀၁၈ ခုနှစ် မတ်တွင် ဆစ်ဒနီရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် ယင်းဇာတ်လမ်းတွဲ ထုတ်လွှင့်မှုကို ရွှေ့ဆိုင်းခဲ့သည်။  ကောင်သည် ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အပြစ်မရှိဟု လျှောက်ထားခဲ့သော်လည်း သြစတြေးလျတွင် ရုံးတင်စစ်ဆေးမှုအတွက် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ဒီဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး ၎င်း၏ နေရာတွင် ဖန်၏ ယင်းအချိန်က ချစ်သူဖြစ်သည့် သရုပ်ဆောင် လီချန်နှင့် အစားထိုးရန် မူလက စီစဉ်ခဲ့သေးသည်။ ဖန်နှင့် လီချန်သည် ယခုနှစ် နွေရာသီတွင် လမ်းခွဲလိုက်ပြီဖြစ်သည်။ ကောင်၏ အရှုပ်တော်ပုံပေါ်ပေါက်ခဲ့ပြီးနောက် Win the World ဇာတ်လမ်းတွဲ၏ အဓိကအမျိုးသမီး သရုပ်ဆောင်ဖြစ်သည့် ဖန်ပင်းပင်းသည် အခွန်ရှောင်ခဲ့သည်ဆိုသော သတင်းများ ထွက်ရှိခဲ့သည်။

 


READ NEXT
Cancel OK