မိဘအမွေကို လက်ဆင့်ကမ်းသယ်ဆောင်ရင်း အနုပညာမျိုးရိုးကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းကြသူ လူငယ်အနုပညာရှင်တွေ များစွာရှိကြပါတယ်။ ဒီလိုမိဘအမွေကို လက်ဆင့်ကမ်း သယ်ဆောင်လာသူတွေထဲက ပရိသတ်ချစ်ခင်အားပေးမှုကို အချိန်တိုအတွင်းမှာ ရရှိပိုင်ဆိုင်ထားသူတစ်ဦးကတော့ တေးသံရှင် ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ တေးသံရှင်ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်ရဲ့ ချစ်စဖွယ်အသံ၊ ဟန်ပန်နဲ့ လှပဖြူစင်တဲ့ မျက်နှာသွင်ပြင်တို့နဲ့အတူ ပရိသတ်အသည်းနှလုံးတွေကို ဖမ်းစားထားနိုင်သူတစ်ဦးဖြစ်ပါတယ်။ တေးသံရှင် ပန်းရောင်ခြယ်က သရုပ်ဆောင်တစ်ယောက်အဖြစ်ပထမဆုံး ပါဝင်ထားတဲ့ ‘လိပ်ပြာ’ ရုပ်သံဇာတ်လမ်းတွဲကိုလည်း အောက်တိုဘာလအတွင်းမှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ပန်းရောင်ခြယ် ပြောပြတဲ့ ငယ်ဘဝပုံရိပ်တချို့ကို ဖော်ပြပေးချင်ပါတယ်။
ပန်းရောင်ခြယ်ကို ဖခင်ဖြစ်သူဂရေဟမ်နဲ့ မိခင်ဖြစ်သူသဥ္ဇာဦးတို့က ဇန်နဝါရီ ၁၄ ရက် ၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့တာပါ။ မွေးချင်းဖြစ်တဲ့ ညီမငယ ်ပန်းသွန်းခြယ် ရှိပြီး ရန်ကုန်ဇာတိဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ သွက်လက်ချက်ချာသူ ပန်းရောင်ခြယ်က အရွယ်ရလာတာနဲ့အမျှ အနေအေးတဲ့ပုံစံကို ပြောင်းလဲလာခဲ့တယ်လို့လည်း ပြောပြခဲ့ပါတယ်။
“ ငယ်ငယ်ကဆို ပန်းရောင်က အရမ်းသွက်တယ်။ ကြီးလာတော့ ငြိမ်သွားတယ်လို့ ပြောကြတယ်။ ငယ်ငယ်ကဆို ဒက်ဒီက ဒက်ဒီရဲ့အခွေတွေအတွက် Cover Photo ရိုက်တာတို့၊ သီချင်း Music Video ရိုက်တာတို့အတွက် မော်ဒယ်လ်တွေနဲ့အတူ ရိုက်ရင် လုံးဝမကြိုက်ဘူး။ ပြဿနာရှာတယ်။ ဒက်ဒီရဲ့အနားလည်း အကပ်မခံဘူးလို့ ကြီးလာတော့ ပန်းရောင်ကို ပြန်ပြောကြတယ်” လို့ ပန်းရောင်ခြယ်က အမှတ်တရဆိုခဲ့ပါတယ်။
ပန်းရောင်ခြယ်က ငယ်စဉ်ကလေးဘဝမှာ မိဘများသွားလေရာမြို့ကြီးများကို လိုက်ပါသွားတတ်ပြီး ညီမငယ်ဖြစ်သူ မွေးဖွားချိန်က စတင်လို့ မိဘများနောက်ကို လိုက်ပါမသွားတော့ဘဲ ညီမငယ်ဖြစ်သူနဲ့အတူ ထိန်းကျောင်းပေးတဲ့သူနဲ့ နေခဲ့တယ်လို့ ဆိုပါတယ်။
ပန်းရောင်ခြယ်က ကျောင်းပညာရေးအနေနဲ့တော့ မူကြိုကို ILBC မှာ စတင်တက်ရောက်ခဲ့ပါတယ်။ သြစတြေးလျကို မိဘများနဲ့ ပြောင်းရွှေ့သွားတဲ့အချိန်မှာတော့ မူလတန်းတက်နေစဉ်ဖြစ်တာကြောင့် Beechbero Christian School မှာ မူလတန်း ဆက်တက်ခဲ့ပါတယ်။အထက်တန်းကျောင်းအနေနဲ့ St.Brigiol`s Collage ကက်သလစ် မိန်းကလေး အထက်တန်းကျောင်းမှာ တက်ရောက်အောင်မြင်ခဲ့ပါတယ်။ ပန်းရောင်ခြယ်က University of Western Australia (UMA တက္ကသိုလ်) မှာ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။
ပန်းရောင်ခြယ်က အနုပညာနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက ၀ါသနာဗီဇ ပြသခဲ့သူဖြစ်ပြီး ကျောင်းတက်စဉ်တစ်လျှောက်လုံးမှာလည်း လက်လှမ်းမီတဲ့ အနုပညာလုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းတက်စဉ်မှာလည်း School Choir ၊ Girls Choir ၊ Rock Band နဲ့ School Musical တွေ အကုန်လုံးမှာ ပါဝင်ခဲ့ပါတယ်။ ပန်းရောင်ခြယ်က ဂီတလှုပ်ရှားမှုအနေနဲ့ အသက် သုံး၊ လေးနှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူနဲ့အတူ အသံသွင်းစတူဒီယိုတွေကို လိုက်ပါခဲ့တာကြောင့် ဂီတနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တယ်လို့ ဆိုပါတယ်။ အသက်ကိုးနှစ်အရွယ်မှာ ပန်းရောင်ခြယ်က ယင်းမာတေးသံသွင်းက ထုတ်ဝေတဲ့ Children`s Song Album မှာ တေးသီချင်းတစ်ပုဒ် ပါဝင်သီဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖခင်ဖြစ်သူနဲ့အတူ Wake Up Daddy တေးစီးရီးခွေအတွက် သေချာပြင်ဆင် ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူနဲ့အတူ ထွက်ရှိခဲ့တဲ့အခွေကနေပဲ ပရိသတ်ချစ်ခင် အားပေးမှုကို စတင်ရရှိလာတာလည်း ဖြစ်ပါတယ်။
ပန်းရောင်ခြယ်ကို ဂီတအမွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ဖခင်ဖြစ်သူဂရေဟမ်ကလည်း သမီးဖြစ်သူနားမှာ အချိန်ပြည့်ရှိနေပေးပြီး သီချင်းအသံသွင်းတာ၊ သီချင်းရွေးချယ်တာ၊ စင်မြင့်ထက်မှာ ဖျော်ဖြေတာတွေကို သင်ကြားပေးပါတယ်လို့ ပန်းရောင်ခြယ်က ပြောပြခဲ့ပါတယ်။ ပန်းရောင်ခြယ်က အခက်အခဲတွေ ကြုံလာတိုင်းမှာလည်း မိဘနဲ့ပဲတိုင်ပင်ဖြစ်သလို ညီမလေးနဲ့လည်း တိုင်ပင်ဖြစ်တဲ့အပြင် မိသားစုလေးယောက် အတူစဉ်းစားပြီး ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။
ပန်းရောင်ခြယ်ရဲ့နောက်ထပ် အနုပညာ ခြေလှမ်းသစ်အနေနဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာဖြစ်သလို ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ ‘လိပ်ပြာ’ ကလည်း အောက်တိုဘာလအတွင်း ပြသတော့မှာဖြစ်ပါတယ်။ ရဲအရာရှိ ကာရိုက်တာနဲ့သရုပ်ဆောင်ထားသလို ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျဖြစ်စေဖို့ အချိန်ယူပြင်ဆင်ခဲ့တယ်လို့ ပန်းရောင်ခြယ်က ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို စောင့်ကြည့်အားပေးရင်း သူ့ရဲ့အားထုတ်မှုအတွက် ပရိသတ်ရဲ့တုံ့ပြန်မှုအပေါ်မှာလည်း စိတ်လှုပ်ရှားနေတယ်လို့ ပန်းရောင်ခြယ်က ဆိုပါတယ်။ ပန်းရောင်ခြယ်က လတ်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ ရှိုးတွေဆိုဖို့ရှိသလို ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။ ပထမဆုံး တစ်ကိုယ်တော်ခွေကိုတော့ မကြာခင်မှာ ထွက်ရှိနိုင်အောင် ကြိုးစားနေတယ်လို့ ပန်းရောင်ခြယ်က ပြောပြခဲ့ပါတယ်။
ပန်းရောင်ခြယ်က အသံချိုချိုအေးအေး သီဆိုဟန်နဲ့ ပရိသတ်အားပေးချစ်ခင်မှုရရှိထားသလို အပြုံးချိုချိုလေးတွေနဲ့ သရုပ်ဆောင်တဲ့ ဟန်ပန်တွေနဲ့လည်း ကြော်ငြာများမှာ နေရာယူထားသူတစ်ဦး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ သူပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရတွေ၊ ချန်လှပ်ထားခဲ့လို့မရတဲ့ အတိတ်နေ့စွဲတွေကို ဖတ်ရှုခံစားရင်း ဂီတနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက ၀ါသနာဇွဲကြီးမားခဲ့တာတွေကိုလည်း တွေ့မြင်ခံစားနိုင်မှာ ဖြစ်ပါတယ်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်