ရက်ပ်အဆိုတော်၊ dancer ဂျေဟုပ် သည် Billboard သီချင်းရောင်းချမှုစာရင်းတွင် ဖော်ပြခံခဲ့ရသည့် ပထမဆုံး BTS အဖွဲ့ဝင်ဖြစ်လာခဲ့သည်ဟု Billboard မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်တွင် ဖြန့်ချိခဲ့ သည့် BTS အဖွဲ့ဝင် ဂျေဟုပ်၏ Chicken Noodle Soup သီချင်းသည် Billboard Hot 100 စာရင်း၏ နံပါတ် ၈၁ နေရာ၌ ဖော်ပြခံခဲ့ရသည်ဟု မဂ္ဂဇင်းက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Chicken Noodle Soup သီချင်းသည် World Digital Songs စာရင်းတွင်လည်း နံပါတ် ၁ အဖြစ် ဖော်ပြခံခဲ့ရသည်။
ယင်းသီချင်းတွင် အမေရိကန်အဆိုတော် Becky G က Featuring သီဆိုထားသည်။ Chicken Noodle Soup သီချင်းအတွက် ကိုရီးယားရက်ပ်စာသားများကို ဂျေဟုပ်က ရေးသားခဲ့ပြီး စပိန်စာသားများကို Becky G က ရေးသားခဲ့သည်ဟု Big Hit Entertainmentက ထုတ်ပြန်ခဲ့သည်။
ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့သည့် Billboard ဂီတဆုပေးပွဲတွင် BTS အဖွဲ့နှင့် Becky G တို့ တွေ့ဆုံခဲ့ပြီးနောက် ဂျေဟုပ်နှင့် သီချင်းတစ်ပုဒ် ပူးပေါင်းဖန်တီးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
Chicken Noodle Soup သီချင်းဗီဒီယိုသည် YouTube တွင်လည်း ဖြန့်ချိပြီး သီတင်းနှစ်ပတ်အတွင်း ကြည့်ရှုမှုနှုန်း သန်း ၇၀ ကျော် ရရှိခဲ့သည်။ ယင်းသီချင်းသည် ဗြိတိန်သီချင်းရောင်းချမှု စာရင်းတွင်လည်း ဖော်ပြခံခဲ့ရပြီး Psy ပြီးလျှင် အဆိုပါစာရင်း၌ ပါဝင်သည့် ဒုတိယမြောက် ကိုရီးယားအဆိုတော် ဖြစ်လာခဲ့သည်။
ပြောင်မြောက်သည့် ကကွက်များဖြင့် ထင်ရှားခဲ့သည့် ဂျေဟုပ်သည် MIC Drop ၊ Blood Sweat & Tears နှင့် Boy With Luv အပါအဝင် BTS အဖွဲ့၏ သီချင်းများတွင် ရက်ပ်များ သီဆိုခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဂျေဟုပ်သည် ၂၀၁၈ ခုနှစ်တွင် Hope World အမည်ရ ပွဲဦးထွက်တစ်ကိုယ်တော် mixtape ကို ဖြန့်ချိခဲ့ရာ Billboard 200 စာရင်း၏ နံပါတ် ၃၈ နေရာတွင် ဖော်ပြခံခဲ့ရသည်။
ဂျေဟုပ်သည် ၂၀၁၃ ခုနှစ် Ment`s M! Countdown တွင် BTS အဖွဲ့၏ ပွဲဦးထွက်သီချင်း No More Dream ဖြင့် ဂီတလောကသို့ ဝင်ရောက်ခဲ့သည်။ အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် BTS အဖွဲ့သည် Speak Yourself ဖျော်ဖြေပွဲ ခရီးစဉ်တစ်ခုအဖြစ် အောက်တိုဘာ ၁၁ ရက်တွင် ဆော်ဒီနိုင်ငံ ရီယာ့ဒ်၌ ဖျော်ဖြေခဲ့သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်