Top News

(၂၄) ကြိမ်မြောက် ဘူဆန် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်၏ အဓိကဆုကို အီရတ် ဒါရိုက်တာနှင့် ဗီယက်နမ် ဒါရိုက်တာတို့ ပူးတွဲ ဆွတ်ခူး
24htopnews | May 4, 2024 8:12 AM CST

 (၂၄)ကြိမ်မြောက် ဘူဆန်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်(BIFF)၏ အဓိကဆုဖြစ်သည့် New Currents ဆုကို အီရတ်ဒါရိုက်တာ Mohanad Hayal နှင့် ဗီယက်နမ် ဒါရိုက်တာ Tran Thanh Huy တို့က ပူးတွဲ ဆွတ်ခူးခဲ့သည်။

 

ဗီယက်နမ်ဒါရိုက်တာ Tran Thanh Huy ၏ ပွဲဦးထွက်ဇာတ်ကား ဖြစ်သည့်  Rom သည်  ငယ်ရွယ်စဉ် မိဘများ၏ စွန့်ပစ်ခြင်းခံခဲ့ရသည့် ကောင်လေးတစ်ဦးက  မိဘများကို ရှာဖွေရန်အတွက် ပိုက်ဆံကြိုးစား ရှာဖွေသည့်အကြောင်း ရိုက်ကူး ထားသည့် ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် ဟိုချီမင်းမြို့၏ဆင်းရဲသားရပ်ကွက်များတွင် ကြုံ တွေ့နေရသည့် ဖြစ်ရပ်များကိုလည်း ပုံဖော်ရိုက်ကူးခဲ့သည်။

“ ပြင်ပက တည်နေရာတွေ၊ တကယ့်သဘာဝတွေကို ပုံဖော်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားက ဂျူရီအဖွဲ့ကို အားရကျေနပ်စေခဲ့တယ်” ဟု ဗြိတိန်ဒါရိုက်တာ Mike Figgis ဦးဆောင်သည့် ဂျူရီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အီရတ်ဒါရိုက်တာ Mohanad Hayal ၏ Haifa Street ဇာတ်ကားသည် အကြမ်းဖက်မှု၊ အမုန်းတရား၊ စိတ်မကျေမချမ်းမှုနှင့် မျှော်လင့်ချက် ပျက်သုဉ်းမှုစသည့်အခြေအနေများ ဖြစ်ပေါ်နေသည့် ဘဂ္ဂဒက်မြို့ရှိ  Haifa Street လမ်းကို ပုံဖော်ရိုက်ကူးထား သည့် ဇာတ်ကားဖြစ်သည်။

ဒါရိုက်တာ Mohanad Hayal   သည် ရုပ်ရှင်ပညာနှင့်ပတ်သက်သည့် ဘာသာစကားကို ကောင်းကောင်းနားလည်ကြောင်း ပြသခဲ့သည်ဟု ဂျူရီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“ဒီဆုအတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာ။ Rom နဲ Haifa Street ကို ပထမနဲ့ ဒုတိယဆိုပြီး ဆုံးဖြတ်ရအောင်လည်း ဒါဟာ မြင်း ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ ရုပ်ရှင်အတတ်ပညာကို နားလည်တဲ့ လူငယ်ဒါရိုက်တာတွေဆီက ပြောင်မြောက်တဲ့ အနုပညာလက်ရာတွေ ကို မြင်တွေ့ခဲ့တယ်” ဟု  ဒါရိုက်တာ Mike Figgis ကပြောကြားခဲ့သည်။

ပါကစ္စတန်ဒါရိုက်တာ  Sarmad Sultan Khoosat ရိုက်ကူးသည့် Circus of Life ဇာတ်ကားနှင့် အိန္ဒိယဒါရိုက်တာ  Pradip Kurbah ရိုက်ကူးသည့် Market ဇာတ်ကားက  Kim Ji-seok ဆုကို ပူးတွဲဆွတ်ခူးခဲ့သည်။

ယခုနှစ်ဆုပေးပွဲတွင် ကိုရီးယားသရုပ်ဆောင် Kim Jun-hyung နှင့် Mun Hye-in တို့က Education ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုနှင့် အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

ဘူဆန်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်၏ တစ်နှစ်တာအကောင်းဆုံး အာရှဒါရိုက်တာဆုကို ဂျပန်ဒါရိုက်တာ Hirokazu Kore-eda က ဆွတ်ခူးခဲ့သည်။

၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သည့်  BIFF ဇာတ်ကားသစ်များနှင့် ဒါရိုက်တာအသစ်များ  အထူးသဖြင့် အာရှမှ ဒါရိုက်တာအသစ်များကို မိတ်ဆက်ရန် ရည်ရွယ်သည့် ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည်။  အာရှ၏ထိပ်တန်းရုပ်ရှင်ပွဲတော်တစ်ခု ဖြစ်သည့် ဘူဆန်ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၃ ရက်မှ ၁၂ ရက် အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၈၅ နိုင်ငံမှ ဇာတ်ကား ၃၀၃ ကား ပြသခဲ့သည်။ ယခုနှစ် BIFF ကာဇက်စတန် ဒါရိုက်တာ  Yerlan Nurmu-khambetov နှင့် ဂျပန်ဒါရိုက်တာ လီဆာတီကီဘာတို့ တွဲဖက်ရိုက်ကူးထားသည့်  The Horse Thieves. Roads of Time ဇာတ်ကားဖြင့် ဖွင့်လှစ်ခဲ့ပြီး ကိုရီး ယားဒါရိုက်တာ Lim Dae-hyung ၏  Moonlit Winter ဇာတ်ကားဖြင့် ပိတ်သိမ်းခဲ့သည်။

 


READ NEXT
Cancel OK