အမူအရာပီပြင်သူ၊ သရုပ်ဆောင်ကောင်းသူတစ်ယောက်အဖြစ် ပရိသတ်ချစ်ခင်အားပေးမှု အခိုင်အမာရရှိထားသည့် အကယ်ဒမီဖွေးဖွေးမှာ ကျန်းမာရေး အခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှုများ ခြောက်လခန့်ရပ်နားထားရာမှ ပထမဆုံးပြန်လည်ရိုက်ကူးမှုအဖြစ် ဒါရိုက်တာအောင်မြတ်ရိုက်ကူးသည့် Love Equation ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက်ရှိသည်။ လတ်တလော ရုံတင်ပြသလျက်ရှိသော ပပဝတီ စီရင်ခန်း ဇာတ်ကားတွင် ကွဲပြားသည့် ဇာတ်ရုပ်တစ်ခုဖြင့်ပါဝင်ထားကာ သရုပ်ဆောင်မိုးဟေကိုနှင့် အပြိုင်သရုပ်ဆောင်ထားမှုအပေါ် ပရိသတ်များနှစ်သက်အားပေးမှုကိုလည်း ထပ်မံရရှိနေသူ ဖြစ်သည်။ သရုပ်ဆောင်အကယ်ဒမီဖွေးဖွေးနှင့်တွေ့ဆုံ၍ Love Equation ဇာတ်ကားတွင် ပါဝင်ရန်ပြင်ဆင်ထားခဲ့မှုများ၊ ပပဝတီစီရင်ခန်းဇာတ်ကားနှင့်ပတ်သက်၍ အမှတ်တရများအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး - Love Equation ဇာတ်ကားလေးရိုက်နေတယ် ဆိုတော့ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တဲ့အကြောင်း အရင်ပြောပြပါဦး။
ဖြေ- ဖွေးကျန်းမာရေးအရ ခဏလေးနားနေတုန်းမှာ ဆရာဝန်က အရမ်းကြမ်းတမ်းတဲ့ ဇာတ်ကားမျိုး မရိုက်ခိုင်းသေးခင်မှာ အချစ်ဇာတ်ကားလေးရိုက်ရင် ကောင်းမယ်လို့ စဉ်းစားမိခဲ့တယ်။ အဲဒီအချိန်မှာပဲ Golden Hour က ဒီဇာတ်ကားအတွက် လာကမ်းလှမ်းတယ်။ ပြီးတော့ ဒေါင်းနဲ့ကလည်း တစ်ခါမှ မဆုံဖူးဘူး။ မသက်မွန်နဲ့လည်း မဆုံတာ တော်တော်ကြာပြီဆိုတော့ လက်ခံ ဖြစ်သွားတာပါ။ ဒါရိုက်တာကလည်း လူငယ်ဒါရိုက်တာ အောင်မြတ် ဖြစ်တယ်။ အားလုံးကို ယုံကြည်တဲ့အတွက် လက်တွဲဖြစ်သွားတာပေါ့။
မေး- Love Equation ဇာတ်ကားထဲက ကာရိုက်တာဆိုရင်ရော။
ဖြေ- အများကြီးတော့ ပြောလို့မရသေးဘူး။ ဇာတ်ပေါ်သွားမှာစိုးလို့။ နာမည် က မိုးသံစဉ်၊ သွက်လက်တယ်၊ ထက်မြက်တယ်။ Bright ဖြစ်တယ်။ ဉာဏ်နီ ဉာဏ်နက်တွေ ထွက်တယ်ပေါ့။ အဲဒီလိုကာရိုက်တာလေးပါ။
မေး- ဒီဇာတ်ကားလေးကို ပရိသတ်တွေကြည့်ခွင့်ရတဲ့အခါ ဘယ်လိုခံစားရမယ်လို့ထင်လဲ။
ဖြေ- အချစ်ဇာတ်ကားလေးဖြစ်သလို ဇာတ်လမ်းပုံစံကိုကလည်း အရမ်း ကောင်းတယ်။ ကြည့်လိုက်တဲ့အခါ အကြည်ဓာတ်လေးကို ရရှိခံစားရမှာပါ။
မေး- ဒီဇာတ်ကားအတွက် ဘာတွေ အဓိကပြင်ဆင်ထားလဲ။
ဖြေ- အဓိကတော့ အချစ်ဇာတ်ကားလေးဖြစ်တော့ ချစ်တတ်အောင်ပဲပြင်ဆင်ရတာပေါ့။ ဖွေးက အပြင်မှာလည်း အရမ်းချစ်တတ်တော့ အဆင်ပြေပါတယ်။ လူငယ်အချစ်ဇာတ်လမ်း ဖြစ်တဲ့အတွက်တော့ ၀ိတ်ချတာမျိုး လုပ်ဖြစ်တယ်။ အဲဒါလေးတွေပဲ ပြင်ဆင်ခဲ့ပါတယ်။
မေး- ဒီဇာတ်ကားမှာက တွဲဖက်တဲ့သူတွေက ထူးခြားတယ်။ အဲဒီအတွက် ရင်ခုန်မှုဆိုရင်ရော။
ဖြေ- ပရိသတ်တွေစိတ်ဝင်စားကြသလို ဖွေး ကိုယ်တိုင်လည်း ရင်ခုန်ပါတယ်။ ဖွေးပရိသတ်တွေရော ဒေါင်းပရိသတ်တွေပါ ဒီ ဇာတ်ကားလေးကိုမျှော်နေမယ် လို့မျှော်လင့်ပါတယ်။
မေး- ဒေါင်းက မျက်လုံးအကြည့်နဲ့ပတ်သက်လို့ ထူးခြားတဲ့သူဆိုတော့ ဒီဇာတ်ကားမှာရော သူက အဲဒီအားသာချက်ကို အသုံးချသရုပ်ဆောင်မယ်လို့ထင်လား။
ဖြေ- ဒီဇာတ်ကားမှာတော့ အဲဒီအကြည့်မျိုးမပါဘူး။ သူမမြင်ဖူးတဲ့ ကာရိုက်တာကို သူလုပ်ရတယ်။ ဖွေး အကြည့်တွေ ခံနိုင်ဖို့ပဲ။
မေး- အရှေ့မှာတော့ ဖွေးက ဟဲဗီးဒရာမာလို ဇာတ်လမ်းမျိုးတွေ အရိုက်များခဲ့တယ်။ အခုတော့ အချစ်ဇာတ်လမ်း သီးသန့်မျိုးလေး ပြန်ပြီးလက်ခံရိုက်ကူးဖြစ်တဲ့ ခံစားမှုဆိုရင်ရော။
ဖြေ- လွန်ခဲ့တဲ့ သုံးလေးနှစ်က ပရိသတ်တွေရဲ့စကားသံတွေကို နားထောင်ကြည့်တော့ ချစ်ကြိုက်ကွဲညားတွေ အရမ်းရိုးနေပြီပြောကြတယ်။ အချစ်နဲ့မသက်ဆိုင်တဲ့ကားတွေ ရိုက်ချင်တဲ့စိတ်နဲ့ နိုင်ငံရေးကားတွေ၊ ဘာသာရေးကားတွေလိုမျိုး၊ သရဲကားတွေလို မျိုး စသဖြင့် အချစ်ကားကိုရှောင်ပြီး ရိုက်ဖြစ်ခဲ့တယ်။ အခုကတော့အချစ်ကားလေး တွေ ပြန်ပြီးကြည့်ချင်မှာပဲဆိုတဲ့ စိတ်နဲ့ ကိုယ်တိုင်လည်း ရိုက်ချင်တာကြောင့် လက်ခံဖြစ်တာပါ။ ဒီဇာတ်ကားလေးမှာလည်း ကြည်နူးစိတ်ကလေးတွေနဲ့ ကြည့်ရမယ့်အချစ်ကားလေးဖြစ်မှာပါ။ ဇာတ်ကားရုံတင်တဲ့အခါ အားပေးစေချင်ပါတယ်။
မေး- ပပဝတီစီရင်ခန်းဇာတ်ကားမှာ ဖွေးနဲ့ မိုးဟေ အပြိုင်သရုပ်ဆောင်ထားကြတယ်။ အဲဒီအမှတ် တရလည်းပြောပြပါဦး။
ဖြေ- ဖွေးတို့အကောင်းဆုံး ညှိနှိုင်းပြီး သရုပ်ဆောင်ခဲ့ပါတယ်။ အပြင်မှာကျတော့ အရမ်းခင်ကြတယ်လေ။ ရိုက်ကွင်းရောက်တာနဲ့ ဖွေးနဲ့မမိုးတို့ ညှိလိုက်တယ်။ ဇာတ်ကားထဲကအတိုင်း တစ်ယောက်နဲ့တစ်ယောက်ရန်သူ၊ ပြိုင်ဘက်တွေလိုပဲစိတ်ထဲမှာထည့်ပြီး သရုပ်ဆောင်ခဲ့တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရဆိုရင် မလုပ်ဖူးတဲ့ ကာရိုက်တာကိုလုပ်ထားတယ်။ တစ်ခါမှ Special Make Up Effect အကြီးတွေမလုပ်ဖူးဘူး။ ရှေ့ပိုင်းမှာ ရုပ်ဆိုးတာလုပ်ရတဲ့အခါကျတော့ မနက် ၄ နာရီလောက်ထပြီး အဲဒီမိတ်ကပ်တွေ ထပြင်ရတယ်။ အထူကြီးတွေလိမ်း ရတဲ့အခါကျတော့ အရမ်းနေရခက်တယ်။ ကာရိုက်တာဝင်ဖို့ ဒါတွေကပဲ ပံ့ပိုးသွားတာပေါ့။
မေး- Love Equation ဇာတ်ကားမှာ ဖွေးချစ်တဲ့ ထိပ်ထားသခင်နဲ့တွဲပြီး သရုပ်ဆောင်ရမယ် ဆိုတော့ဘယ်လိုခံစားရလဲ။
ဖြေ- အရမ်းပျော်ပါတယ်။ ဖွေးလည်း ထိပ်ထားနဲ့ ဘယ်တော့အတူရိုက်ရမလဲ ဆိုပြီး မျှော်နေတာ။ ကိုယ်မျှော်လင့်တာတွေ အကုန်လုံးက ခြောက်လနားပြီးတော့ဖြစ်လာတယ်ပေါ့။ ထိပ်ထားသခင်က ဖွေးငယ်ဘဝကို သရုပ်ဆောင်ရမှာပါ။ သူလည်း လုပ်ကွက်တွေအများကြီးရပါတယ်။ သူ့ကိုဖွေး အရမ်းချစ်တယ်။ သူ အပါအဝင် အခုခေတ်ကလေးတွေအားလုံးက အရမ်းသွက်တယ်။ နောက် အနာဂတ်မှာလည်း သူတို့လေးတွေက အများကြီးတော်လာမှာပါ။
မေး-သီတင်းကျွတ်ကာလကိုရော ဘယ်လိုဖြတ်သန်းလေ့ရှိလဲ။
ဖြေ- ပုံမှန်ဆိုရင်တော့ အဖေအမေနဲ့ ဆရာသမားတွေကို ကန်တော့တယ်။ မီးပန်းလေးတွေဖောက်တယ်။ ငယ်ငယ်တုန်းကတော့ ပိုပျော်ဖို့ကောင်း တယ်။ ဖွေးက ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရာလေးတွေ ကန်တော့ဖြစ်တယ်။ သူတို့လိုအပ်တာလေးတွေ ကန်တော့ဖြစ်တယ်။
မေး- မောင်လေးကရော ကန်တော့လား။ ဘယ်လိုခံစားရလဲ။
ဖြေ- ကန်တော့ပြီလေ။ ခံစားချက်ကတော့ ယားကျိကျိနဲ့။ သူကမုန့်ဖိုးနဲ့ ကန်တော့တာပါ။ အဲဒီပိုက်ဆံလေးကိုတော့ အမှတ်တရ သိမ်းထားတယ်။
မေး- သီတင်းကျွတ်ဖြတ်သန်းမယ့် ပရိသတ်တွေအတွက် ဆုတောင်းစကားလေးပြောပေး ပါဦး။
ဖြေ- သီတင်းကျွတ်ကို ဘယ်လိုပဲဖြတ်သန်းဖြတ်သန်း အစစအရာရာ အောင်မြင်ပါစေ။ အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။ ပရိသတ် တွေအားလုံးကိုလည်း အရမ်းချစ်တယ်လို့ ပြောချင်ပါတယ်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်