အနုပညာလောကရဲ့ ငွေကြယ်ပွင့်တစ်ဦးဖြစ်ပြီး ကိုယ်ပါဝင်ရမယ့် ဇာတ်ကောင်တိုင်းအတွက် အမြဲတမ်းကြိုးစားအားထုတ်မှုအပြည့်နဲ့ သရုပ်လေ့ရှိသူတစ်ဦးကတော့ အေးမြတ်သူပါ။ နိုဝင်ဘာလထဲမှာ ရိုက်ကူးတော့မှာဖြစ်ပြီး မြန်မာနိုင်ငံက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့အတူ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့က သရုပ်ဆောင်တွေပါဝင်ပြီး အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက ရုပ်ရှင်အတတ်ပညာရှင်တွေလည်း ပါဝင်မယ့် “ကောင်းကင်မရှိတဲ့ ကြယ်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် အေးမြတ်သူနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။
မေး - “ကောင်းကင်မရှိတဲ့ ကြယ်” ဇာတ်ကားကြီးမှာ ပါဝင်ဖြစ်ခဲ့တဲ့အကြောင်းလေးကို အရင်သိပါရစေ။
ဖြေ - ဒီဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာတွေကို ကြားသိခဲ့ရတယ်။ အဲဒီနောက်မှာမှ အေးမြတ်သူကို ဇာတ်ကောင်တစ်ခုအတွက် ပါဝင်ပေးဖို့ ကမ်းလှမ်းလာတဲ့အခါ အရမ်းကိုလည်းဂုဏ်ယူသလို အရမ်းကိုလည်း ပျော်ရွှင်ရတယ်။ ဒါက ၂၀၁၉ ခုနှစ်ထဲမှာ အေးမြတ်သူအတွက် ဒုတိယအကြိမ် ကံကောင်းတဲ့အရာလို့ ခံစားရပါတယ်။ အဲဒီဇာတ်ကားမှာပါဝင်ရမယ့် ဇာတ်ကောင်နဲ့ပတ်သက်ပြီးလည်း ပျော်ရွှင်ရတယ်၊ ကိုယ်လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒီဇာတ်ကားက တကယ့်ကို ပြင်ဆင်မှုအားကောင်းကောင်းနဲ့ ကမ္ဘာကျော်ပညာရှင်တွေနဲ့ ပြည်တွင်းက တကယ်တော်တဲ့ အနုပညာရှင်တွေ၊ နိုင်ငံခြားက အနုပညာရှင်တွေနဲ့ ရိုက်ကူးခွင့်ရမှာဖြစ်လို့ အေးမြတ်သူအတွက်လည်း သူတို့တွေဆီက ပညာတွေရမယ်။ နောက်ပြီး ဂုဏ်သိက္ခာရှိတဲ့ ထုတ်လုပ်ရေးတစ်ခုက ရိုက်ကူးပြီး မြန်မာပြည်မှာတင်မဟုတ်ဘဲ နိုင်ငံခြားတွေမှာပြသဖို့ ရည်ရွယ်ထားတာဖြစ်တဲ့ ဒီဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရတာဟာ အေးမြတ်သူအတွက် တကယ်ကို ကံကောင်းမှုတစ်ခုလို့ ယုံကြည်ပြီး လက်ခံဖြစ်ခဲ့တာပါ။
မေး - နိုင်ငံခြားအနုပညာရှင်တွေ အတတ်ပညာရှင်တွေပါဝင်မယ့် ဇာတ်ကားမှာပါဝင်ရတဲ့အတွက် ဘယ်လိုခံစားရလဲ။
ဖြေ - အေးမြတ်သူအတွက်ကတော့ နိုင်ငံကခြားက Crew တွေနဲ့ ရိုက်ကူးခွင့်ရတာ ဒီဇာတ်ကားက ဒုတိယမြောက်ဇာတ်ကားပါ။ ရှေ့မှာလည်း ပြည်ပပညာရှင်တွေနဲ့ ရိုက်ကူးတဲ့အခါ အချိန်တိကျမှုရှိတယ်၊ လုပ်ငန်းအပေါ်အာရုံစိုက်မှုကလည်း အပြည့်အဝရှိပြီး သူတို့ရဲ့ အလုပ်အပေါ်ထားတဲ့စိတ်တွေကို အတုယူခဲ့ရတာရှိတယ်။ ကိုယ်တွေအချင်းချင်းကတော့ ဖိဖော့ပေးတာလေးတွေရှိတာပေါ့။ “နောက်ကျမယ်နော်” တို့၊ “ပြီးပြီလားတို့” ဖုန်းဆက်လို့ရတာမျိုးတွေရှိတာပေါ့။ နိုင်ငံခြားကလူတွေဆိုရင်တော့ အဲဒီလိုမရဘူး။
“ကောင်းကင်မရှိတဲ့ကြယ်” ဇာတ်ကားမှာတော့ ပိုလာတာက နိုင်ငံခြားက အတတ်ပညာရှင်တွေတင်မဟုတ်ဘဲ တကယ့်ကိုကမ္ဘာကျော်တဲ့ DP တွေ၊ Gaffer တွေအပြင် သူများနိုင်ငံက နာမည်ကြီးအနုပညာရှင်တွေနဲ့ပါ တွေ့ဆုံခွင့်ရမယ့်ဇာတ်ကားဖြစ်တဲ့အတွက် အရင်ထက်ပိုပြီးတော့တော့ စိတ်လှုပ်ရှားမိပါတယ်။
မေး - “ကောင်းကင်မရှိတဲ့ကြယ်” ဇာတ်ကားမှာ ပါဝင်ရမယ့် ဇာတ်ကောင်က အေးမြတ်သူအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ၊ ကိုယ်တိုင်ကရော အဲဒီဇာတ်ကောင်အတွက် ဘယ်လိုတွေပြင်ဆင်ထားလဲ။
ဖြေ - အမှန်အတိုင်းပြောရရင်တော့ ဒီဇာတ်ကားမှာပါဝင်ရမယ့် ဇာတ်ကောင်က အေးမြတ်သူအတွက် သိပ်မစိမ်းဘူးရှင့်။ ဒီဇာတ်ကောင်ပါဝင်ရမယ့် သူ့ရဲ့ဇာတ်လမ်းပိုင်းဆိုင်ရာ နောက်ခံခုနှစ်အချိန်ကာလကလည်း ကိုယ့်အတွက်မစိမ်းဘူး။ ရှေ့မှာလည်း လုပ်ခဲ့ဖူးတာတွေရှိတယ်။ နောက်ပြီး ကိုယ်ပါဝင်ရမယ့် ဇာတ်ကောင်အတွက် အပြင်အဆင်ပိုင်းတွေဆိုတာကလည်း အေးမြတ်သူအတွက် Use to ဖြစ်ပြီး မစိမ်းတဲ့ပုံစံတွေပါ။ အေးမြတ်သူအတွက် အဓိကပြင်ဆင်ရတာက သရုပ်ဆောင်မှုပိုင်းအတွက် လိုအပ်တဲ့ စိတ်ခံစားမှုပါပဲ။ အေးမြတ်သူက သရုပ်ဆောင်တဲ့အခါမှာ နည်းနည်းပြာတတ်တယ်။ အဲဒီပုံစံတွေ ပျောက်ချင်တယ်။ နောက်ပြီး ပရိသတ်တွေ ကိုယ့်ကိုမြင်တွေ့နေကျ သရုပ်ဆောင်မှုပုံစံတွေကနေ ဒီဇာတ်ကားမှာ ကွဲထွက်နေချင်တယ်။ သရုပ်ဆောင်ပိုင်းမှာ အိုဗာဖြစ်နေမှာကိုလည်း အရမ်းကြောက်တယ်။ ဒီဘက်ခေတ်မှာတော့ သရုပ်ဆောင်မှုပိုင်းမှာဆိုရင်လည်း သဘာဝအကျဆုံးသော သရုပ်ဆောင်မှုတွေ၊ အိုက်တင်တွေဘက်ကို ပြောင်းလဲလာတယ်ဆိုတော့ အဲဒီအပေါ်မှာ အေးမြတ်သူဘက်က အကောင်းဆုံးဖြစ်အောင်ကြိုးစားချင်တယ်။ ပရိသတ်တွေအတွက်လည်း ဒီပုံစံမျိုးနဲ့အေးမြတ်သူကို မြင်တွေ့နေကြဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ဒီဇာတ်ကောင်ရဲ့ စိတ်ခံစားမှုဟာ နောက်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် အေးမြတ်သူကြိုးစားနေပါတယ်။ ဒီဇာတ်ကားမှာက ဝတ်စားဆင်ယင်မှုပိုင်းအတွက် မသွင်စုထွေးက တာဝန်ယူပေးမှာဖြစ်လို့ အေးမြတ်သူအတွက်အချိန်ပိုရတယ်။ အိုက်တင်ပိုင်းဆိုင်ရာမှာလည်း အစ်မမျိုးသန္တာထွန်းတို့ ဦးအောင်ကျော်တိုးတို့ကပါ လေ့ကျင့်ပြင်ဆင်ပေးနေတာဖြစ်တဲ့အတွက် သူတို့ဆီကရတဲ့ပညာတွေ ဆွေးနွေးဖလှယ်လို့ရတာတွေ၊ တိုင်ပင်ညှိနှိုင်းလို့ရတာတွေနဲ့ ဒီဇာတ်ကားမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။
မေး - ဒီဇာတ်ကားက ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲ။ ဘယ်လိုဇာတ်ကောင်မျိုးနဲ့ပါဝင်ရမှာလဲ။
ဖြေ - ဒီဇာတ်ကားလေးက ၁၉၄၅ ခုနှစ် ဝန်းကျင်လောက်ဖြစ်ပွားခဲ့တဲ့ လျှို့ဝှက်ဆန်တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ဒီဇာတ်လမ်းက အပြင်မှာ တကယ်ရှိခြင်း မရှိခြင်းက စိတ်ကူးယဉ်ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာထက် ဒီဇာတ်ကားမှာတော့ သဘာဝကျကျ တင်ဆက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီဇာတ်ကားမှာပါဝင်ရမယ့် အေးမြတ်သူရဲ့ ဇာတ်ကောင်ကိုတော့ မပြောပါရစေနဲ့ဦး။
မေး - ဒီဇာတ်ကားကို ဘယ်တော့လောက်စရိုက်မလဲ။ ရိုက်ကူးမှုပိုင်းတွေအတွက်ရော စိတ်လှုပ်ရှားနေပြီလား။
ဖြေ - ဒီဇာတ်ကားအတွက် သရုပ်ဆောင်ပိုင်းဆိုင်ရာတွေရော စက်မှုပိုင်းဆိုင်ရာတွေရော စပြီးတော့ ပြင်ဆင်နေကြပြီ။ ရိုက်ကူးရေးမှာကတော့ နိုဝင်ဘာ ၁ ရက်နေ့မှာပါ။ အဲဒီနေ့မှာ ရိုက်ကွင်းပေါ်မှာ အဖွဲ့သားတွေ အားလုံးစုံစုံညီညီရှိရမှာပါ။ နောက်ပြီး ဒီဇာတ်ကားက နယ်မှာပဲ တောက်လျှောက်ရိုက်ကူးရမှာပါ။ ရိုက်ကူးရေးကာလက အနည်းဆုံးတစ်လကနေ နောက်ထပ်ရက်အကန့်အသတ်မရှိဘူး။ အေးမြတ်သူထင်တာတော့ တစ်လထပ်စောပြီး ရိုက်ကူးရေးမပြီးနိုင်ဘူး။ တစ်လထက်နောက်ကျတာပဲ ဖြစ်နိုင်တယ်။
မေး - ဒီဇာတ်ကားမှာ အေးမြတ်သူကို ပရိသတ်က ထင်မှတ်မထားတဲ့ သရုပ်ဆောင်မှုမျိုးနဲ့ မြင်တွေ့ရမှာလား။
ဖြေ - အေးမြတ်သူကိုယ်တိုင်က ပရိသတ်တွေကို အဲဒီလိုမြင်တွေ့ရစေချင်တာပါ။ အဲဒီလိုမြင်တွေ့ ရနိုင်ဖို့လည်း အေးမြတ်သူအများကြီးကြိုးစားနေပါတယ်။ အာမတော့ မခံရဲသေးဘူးပေါ့။ ကိုယ်တိုင်က မှန်ထဲမှာ နေ့တိုင်းကိုယ့်ကိုယ်ကိုယ် ကြည့်ခဲ့ရသလို ကိုယ့်ကိုလွှမ်းမိုးနေတဲ့ အိုက်တင်ပုံစံတွေကလည်း ရှိနေတော့လေ။ ဦးမျိုး (ဒါရိုက်တာ မောင်မျိုးမင်း) ကတော့ အေးမြတ်သူကို တစ်ခါပြောဖူးတယ်။ ဓနင်လုပ်နေတာ နင့်အိုက်တင်လား” ဆိုပြီး။ အစကတော့ ကိုယ်ကကြောင်သွားတာပေါ့။ အေးမြတ်သူလုပ်နေတာ အေးမြတ်သူအိုက်တင်မဟုတ်ဘူး။ အေးမြတ်သူကြိုက်တဲ့ ဇာတ်ကောင်တစ်ခု အေးမြတ်သူကို လွှမ်းမိုးထားတဲ့အရာတွေက လုပ်နေတာလို့ ဦးမျိုးကပြောဖူးတယ်။ အဲဒါမျိုးတွေမဖြစ်အောင် ဒီဇာတ်ကားမှာ အေးမြတ်သူကြိုးစားချင်တယ်။ အဲဒီလိုကြိုးစားနိုင်ဖို့လည်း ကိုယ့်ကိုယ်ကိုယ် မောင်းတင်ထားတယ်။
မေး - အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး။
ဖြေ - အေးမြတ်သူ အမြဲတမ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားပါ့မယ်။ ကိုယ်လုပ်နိုင်တဲ့ ကိုယ်မီတဲ့ဉာဏ်နဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးတည်ဆောက်နေပါတယ်။ အဲဒီလိုတည်ဆောက်မှပဲ ပြန်ရမယ့်အကောင်းဆုံးတွေကို ခံစားရမှာပါ။ အဲဒီအတွက် အကောင်းဆုံးကြိုးစားတည်ဆောက်မှ အများကပေးလာမယ့် အကောင်းဆုံးတွေကို ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားနေပါတယ်။ အမှားပါသွားခဲ့ရင်လည်း ခွင့်လွှတ်ပါ။ အေးမြတ်သူက စကားပြောမြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း မသိဘဲနဲ့ပြောလိုက်မိတာမျိုး ရှိကောင်းရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ အမှန်အတိုင်းပြောရရင် အေးမြတ်သူက ရိုကျိုးရတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ အေးမြတ်သူက အရင်တည်းကဖြည်းဖြည်းချင်းပဲ တက်လာခဲ့ရတာ။ ဝုန်းကနဲဆိုပြီး ပရိသတ်တွေ ချစ်သွားတယ်ဆိုတာမျိုး မရှိဘူးရှင့်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ဖြည်းဖြည်းချင်းသဲ့ယူရတာမျိုး ဖြစ်တဲ့အတွက် အေးမြတ်သူက သူများတွေထက်ပိုပြီး ရိုကျိုးတယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားရပါတယ်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်