မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို ပရိသတ် အားပေးနှစ်သက်မှု များလာတာနဲ့အမျှ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ထားတဲ့မျက်နှာသစ် သရုပ်ဆောင်တွေကိုလည်း ပါဝင်တဲ့ဇာတ်ကောင် ကာရိုက်တာနဲ့တွဲဖက်လို့ ချစ်ခင်အားပေးမှု များပြားလာပါတယ်။ မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ ‘နှင်းဆီ’ ရုပ်သံဇာတ်လမ်းတွဲမှာ ဖခင်ကိုချစ်ခင်စိတ်နဲ့ မိထွေးဖြစ်သူကို မကျေနပ်မုန်းတီးစိတ်ဖြစ်လို့ အရွဲ့တိုက်တတ်သူမိန်းကလေး ‘မော်’ အနေနဲ့ ချစ်စဖွယ်ပါဝင်ထားသူက သရုပ်ဆောင် ဝေလာရီဖြစ်ပါတယ်။ တေးသံရှင်လိမ္မော်သီးရဲ့ညီမဖြစ်သလို သရုပ်ဆောင် ကောင်းသူလေးအနေနဲ့လည်း ပရိသတ်လက်ခံထားသူ မျက်နှာသစ် လူငယ်သရုပ်ဆောင် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်ဝေလာရီ ပြောပြတဲ့ငယ်စဉ်ဘဝရဲ့ အမှတ်တရတွေကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။
သရုပ်ဆောင်ဝေလာရီကို ရန်ကုန်မှာမွေးဖွားခဲ့သူဖြစ်ပြီး မောင်နှမလေးယောက်အနက် အငယ်ဆုံးသမီးဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝ အမှတ်တရအနေနဲ့ အအိပ်အနေနည်းသူ ဖြစ်တာကြောင့် သီချင်းတွေအများကြီးဖွင့်ပြဆိုပြမှ အိပ်တတ်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက သွက်လက်ချက်ချာသူ ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။ အစ်မဖြစ်သူလိမ္မော်သီးကလည်း တေးသံရှင်တစ်ယောက်ဖြစ်တာကြောင့် ဂီတနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တယ်လို့လည်း ဆိုပါတယ်။
သရုပ်ဆောင်ဝေလာရီက ကျောင်းပညာရေးအနေနဲ့တော့ ကြည့်မြင်တိုင်၊ အလုံ စတဲ့မြို့နယ်တွေမှာ တက်ရောက်ခဲ့သလို လက်ရှိမှာတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ အင်္ဂလိပ်ဘာသာ အဝေးသင် တက်ရောက်နေတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ဘဝကျောင်းပညာရေးမှာ ကျက်စာတွေ ထူးချွန်သူဖြစ်သလို စာစီစာကုံးပြိုင်ပွဲတွေ၊ မြန်မာစာထူးချွန်ပြိုင်ပွဲတွေမှာ အမြဲဆုရတယ်လို့လည်း ဆိုခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ မြန်မာစာနဲ့ ဘောဂဗေဒမှာ ဂုဏ်ထူးထွက်ခဲ့တယ်လို့ ဆိုပါတယ်။ တွက်စာပိုင်းကတော့ နည်းနည်းအားနည်းတယ်လို့ ဆိုခဲ့ပါတယ်။ ကျောင်းတက်နေစဉ်တစ်လျှောက်လုံးမှာ ကျောင်းကပွဲတွေ၊ အနုပညာလှုပ်ရှားမှုတွေမှာ အမြဲပါဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းသီချင်းကို ရှေ့ထွက်ဆိုရတာတွေ၊ အတန်းခေါင်းဆောင်လုပ်ရတာတွေ အမြဲပါဝင်ဖြစ်တယ်လို့ ဆိုပါတယ်။
အနုပညာနဲ့ပတ်သက်လို့တော့ ရှစ်တန်းကျောင်းသူ အရွယ်လောက်ကတည်းက ၀ါသနာပါမှန်း သတိပြုမိလာတယ်လို့ ဆိုပါတယ်။ ငါးတန်း ခြောက်တန်းမှာ အစ်မဖြစ်သူရဲ့ရှိုးတွေမှာ လိုက်ပါဖြစ်ပေမယ့် ရှစ်တန်းလောက်မှာတော့ ကိုယ်ပိုင်ဝါသနာကို သိလာခဲ့တယ်လို့လည်း ဝေလာရီက ဆိုပါတယ်။ အသက် ၁၅ နှစ်လောက်မှာတော့ အိမ်မှာရှိတဲ့ i-Pad နဲ့ ကိုယ့်ဘာသာသရုပ်ဆောင် ကြည့်တာမျိုးတွေလုပ်ခဲ့သလို ပထမဆုံး သရုပ်ဆောင်ဖြစ်တာက ၁၀ တန်းအောင်မြင်ပြီးမှပါလို့ ဆိုပါတယ်။ ဝေလာရီရဲ့ပထမဆုံးအနုပညာ လှုပ်ရှားမှုအနေနဲ့တော့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ မွန်တိုင်းရင်းသူတစ်ယောက်အနေနဲ့ ပါဝင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဝေလာရီပါဝင်ခွင့်ရခဲ့တဲ့ The Team Myanmar ရုပ်သံဇာတ်လမ်းတွဲက လက်ရှိမှာ skynet ရုပ်သံလိုင်းမှာ ထုတ်လွှင့်နေပါတယ်။ ဒီနောက်မှာ MRTV-4 Talent ခေါ်ယူမှုမှာ ပါဝင်လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဆင့်ဆင့်လျှောက်ထား စိစစ်မှုတွေအပြီးမှာတော့ သင်တန်းတွေအများကြီးတက်ခွင့်ရခဲ့ပြီး mini series မှာ ခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ နှင်းဆီဇာတ်လမ်းတွဲမှာ မော်အနေနဲ့ ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာလကုန်ပိုင်းမှာတော့ နောက်ထပ်ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုမှာ ပါဝင်ဖို့ ရွေးချယ်ခံထားရတာလည်း ဖြစ်ပါတယ်။
အစ်မဖြစ်သူလိမ္မော်သီးနဲ့တွဲဖက်လို့ တေးသီချင်းတစ်ပုဒ်ကိုလည်း Cover သီဆိုလွှင့်တင်ခဲ့ရာမှာ ပရိသတ်တွေကြားမှာ ပျံ့နှံ့အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အစ်မဖြစ်သူနဲ့တွဲဖက်လို့ တေးသီချင်းအသစ်တွေ အများကြီးလုပ်သွားဖို့လည်း စိတ်ကူးရှိတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားအတွက် ကမ်းလှမ်းမှုတွေရှိပေမယ့် ဇာတ်လမ်းတွဲရိုက်ကူးမှုနဲ့ တိုက်ဆိုက်နေတဲ့အခါ လက်မခံဖြစ်တာရှိပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေခဲ့မယ်ဆိုရင် လက်ခံရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် ဝေလာရီက နှင်းဆီဇာတ်လမ်းတွဲမှာ ပရိသတ်အားပေးမှုရလဒ်ကို သိလိုက်ရတဲ့အခါ နောက်ထပ်အများကြီးကြိုးစားဖို့အတွက် ခွန်အားတွေလည်းဖြစ်လာတယ်လို့ ဆိုပါတယ်။ ဝေလာရီက လတ်တလောမှာတော့ အသစ်ထပ်ရိုက်မယ့် ဇာတ်လမ်းတွဲအတွက် ပြင်ဆင်နေသလို အားလပ်ချိန်မှာလည်း သီချင်းသစ်တွေ ဖန်တီးသွားမယ်လို့ ဆိုပါတယ်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်