Top News

သရုပ်ဆောင် အမ်ဘာဟတ် စိတ်မူမမှန်သည့်ရောဂါနှစ်မျိုး ခံစားနေရ
24htopnews | April 15, 2024 2:12 AM CST

အမေရိကန်သရုပ်ဆောင်မင်းသမီး အမ်ဘာဟတ်က စိတ်မူမမှန်သည့်ရောဂါနှစ်မျိုး ခံစားနေရကြောင်း စိတ်ရောဂါအထူးကုဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

အမ်ဘာဟတ်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေအား ယခင်က အကဲဖြတ်လေ့လာခဲ့သည့် ဒေါက်တာ ရှန်နွန်ကာရီက ဗာဂျီးနီးယားပြည်နယ် ဖဲဖက်စ်မြို့ရှိ တရားခွင်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းတရားခွင်သည် အမ်ဘာဟတ်အား ခင်ပွန်းဟောင်း ဂျွန်နီဒပ်က အသရေဖျက်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အမ်ဘာဟတ်သည် ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ (BPD) နှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စိတ်မူမမှန် ရောဂါ (HPD) တို့ ခံစားနေရကြောင်း ကာရီက ပြောကြားခဲ့သည်။

“ဟတ်ရဲ့ အကဲဖြတ်ရလဒ်တွေအရ သူဟာ ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါနဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ စိတ်မူမမှန်ရောဂါတွေကို ခံစားနေရပါတယ်”ဟု ၎င်းကဆိုသည်။

အသက် ၃၆ နှစ်အရွယ် ဟတ်က စိတ်ပိုင်းဆိုင်ရာအကဲဖြတ်မှုကို လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ပြီးနောက် အောက်တိုဘာလ၌အမှုတွင် ၎င်း၏ကဏ္ဍသည် ပြောင်းလဲသွားခဲ့ကြောင်း ကျွမ်းကျင်သူများကထုတ်ဖော်ပြော ကြားခဲ့သည်။

ဟတ်သည် ဒပ်နှင့်ကွာရှင်းခဲ့ပြီးနောက်  စိတ်ပိုင်းဆိုင်ရာ နာကျင်မှုအပြီးဖြစ်သော စိတ်ရောဂါကို အလွန်ဆိုးရွားစွာ ခံစားခဲ့ရသည်ဟု ကာရီက လေ့လာသုံးသပ်ခဲ့သည်။

ဟတ်၏ BPD သည် စွန့်ပစ်ခံရခြင်း၏ အရင်းခံကြောက်ရွံ့မှု လက္ခဏာရပ်ဖြစ်ပြီး ယင်းသည် လူများအား ထိုကဲ့သို့ စွန့်ပစ်မသွားစေရန် ကာကွယ်သည့်အနေဖြင့် ချက်ချင်း ထင်ရာစိုင်းကြိုးပမ်းမှုများ ဖြစ်စေနိုင်သည်ဟု မှတ်ချက်ပြုခဲ့သည်။

“သင်တို့အနေနဲ့ အချစ်ရေးကိစ္စတွေကို ကြည့်လိုက်တဲ့အခါ အစပိုင်းမှာတော့ အရမ်းကို နီးကပ်ရင်းနှီးမှုနဲ့အစချီပြီး သူတို့တွေဟာ ပြီးပြည့်စုံတဲ့စုံတွဲတွေလို ထင်မြင်မိမှာပါ။ အစပိုင်းမှာတော့ အရာရာဟာ ကောင်းမွန်နေပေမဲ့ အမှန်တကယ်တော့ လူတိုင်းက မပြည့်စုံကြပါဘူး”ဟု ကာရီက ရှင်းပြခဲ့သည်။

“ကျွန်မတို့အများစုဟာ ကိုယ်ချစ်တဲ့သူ အပေါ် အားလုံးလက်ခံနိုင်ပေမဲ့ BPD ရောဂါ ရှိတဲ့ လူတစ်ဦးအနေနဲ့ ကိစ္စအားလုံးဟာ အလွန်အကျွံဆိုးရွားမှုကြီးဖြစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းတရားခွင်သည် နောက်ထပ်သီတင်းပတ် ငါးပတ် သို့မဟုတ် ခြောက်ပတ်အထိ ကြာမြင့်နိုင်ခြေရှိသည်ဟု သိရသည်။


READ NEXT
Cancel OK