Top News

အက်ရှင်မင်းသားတွမ်ခရုစ် အာကာသတွင် ရုပ်ရှင်ရိုက်ကူးမည့် ပထမဆုံးသရုပ်ဆောင် ဖြစ်လာတော့မည်
24htopnews | April 6, 2024 12:13 AM CST

တွမ်ခရုစ်က ၎င်း၏သရုပ်ဆောင်ထူးချွန်မှုများကို နောက်အဆင့်တစ်ခုအထိတိုးပြီး ချပြတော့မည်ဖြစ်သည်။ နောက်ဆုံးရုံတင်ဇာတ်ကားဖြစ်သည့် Top Gun:Maverick ဖြင့် အောင်မြင်မှုတစ်ခဲနက်ရထားသည့် အသက် ၆၀ အရွယ် တွမ်ခရုစ်က Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် အက်ရှင်ဇာတ်ကားသစ်ကို ဒါရိုက်တာဒေါ့ဂ်လီမန်နှင့် လက်တွဲရိုက်ကူးမည်ဖြစ်ပြီး ပို၍ထူးခြားသည်က ၎င်းဇာတ်ကားသည် ခရုစ်ကို  အာကာသတွင် စွန့်စားရိုက်ကူးမည့် ပထမဆုံးသရုပ်ဆောင်ဖြစ်လာစေမည်။

Universal Pictures အကြီးအကဲအဆိုအရ ဇာတ်ကားကို ကမ္ဘာမြေတွင်သာ အများစုရိုက်ကူးမည်ဖြစ်ပြီး ခရုစ်ပါဝင်ရမည့် ဇာတ်ကောင်ကြောင့်သာ အာကာသထိ သွားရိုက်ရခြင်းဖြစ်သည်။ တွမ်ခရုစ်၏ဇာတ်ကောင်က  ကမ္ဘာမြေကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူနေရာမှဖြစ်သည်။

ခရုစ်သည် အံ့မခန်းစတန့်ပြကွက်များကို သရုပ်ဆောင်တတ်သူအဖြစ် နာမည်ကျော်ပြီး အထူးသဖြင့် Mission:Impossible ဇာတ်ကားများကိုကြည့်လျှင် သိနိုင်သည်။ လာမည့် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် ၎င်းပါဝင်သည့် Mission:Impossible ဇာတ်ကားသစ်နှစ်ကား ရုံတင်ရန်ရှိသေးသည်။

၂၀၁၁ ခုနှစ်က Mission:Impossible: Ghost Protocol ရိုက်ကူးစဉ်အတွင်း ခရုစ်သည် ဒူဘိုင်းရှိ ဘာ့ဂျ်ခါလီဖာမိုးမျှော်တိုက်ပေါ်သို့ မည်သည့်အထိန်းအကွပ်မှမပါ တက်ထိုင်ပြခဲ့သည်။ 

Top Gun:Maverick ဇာတ်ကားအတွက် အလွန်တရာခက်ခဲသည့် လေ့ကျင့်မှုများ၊ The Mummy ဇာတ်ကားအတွေ့အကြုံများကြောင့် ခရုစ်သည် အာကာသတွင်ကြုံရမည့်အခက်အခဲများနှင့် စိမ်းမည်မထင်ပေ။

ယခုရိုက်မည့်ရုပ်ရှင်အတွက် ခရုစ်နှင့် ဒါရိုက်တာလီမန်တို့က နာဆာ၊ အီလွန်မတ်ခ်၏ Space X အာကာသကုမ္ပဏီတို့နှင့် လက်တွဲပူးပေါင်းလျက်ရှိပြီး ဇာတ်ကားထွက်လာမည့်နေ့ရက်ကိုမူ မသိနိုင်သေးပေ။

မည်သည့်ဟောလိဝုဒ်စတူဒီယိုမှ အာကာသတွင် ရုပ်ရှင်သွားရောက်ရိုက်ကူးထားခြင်းမရှိသေးဘဲ တွမ်ခရုစ်က အာကာသတွင် ပထမဆုံးသရုပ်ဆောင်သူအဖြစ် သမိုင်းမှတ်တိုင်ကို စိုက်ထူတော့မည်ဖြစ်သည်။ ဇာတ်ကား ရိုက်ကူးရေးကုန်ကျစရိတ်က အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြသည်။ ခရုစ်သည် နောက်ဆုံးကိန်းရုပ်ရှင်ပွဲတော်တွင် Palmed’Or ဆု ချီးမြှင့်ခံရသည်။


READ NEXT
Cancel OK