Top News

ဒိုင်ယာနာနေရာမှ Kristen Stewart သရုပ်ဆောင်ထားသည့် Spencer ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာတွင် ရုံတင်မည် 
24htopnews | March 30, 2024 2:12 PM CST

Kristen Stewart ခေါင်းဆောင်ပါဝင်ထားသည့် Spencer ရုပ်ရှင်ဇာတ်ကားကြီးကို ပိတ်ကားထက်တွင် နိုဝင်ဘာ၌ စတင်ပြသတော့မည်ဖြစ်သည်။ ထိုဇာတ်ကားကို ဖြန့်ချိမည့် Neon ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ၏ ကြေညာချက်အရ ရုံတင်ရက်မှာ နိုဝင်ဘာ ၅ ရက်ဖြစ်သည်။

ရုံတင်မပြမီ စက်တင်ဘာတွင်ပြုလုပ်မည့် ဗီးနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် တိုရွန်တို နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင်လည်း Spencer ဇာတ်ကားကြီးကို ပွဲဦးထွက်ပြသရန် စီစဉ်ထားသည်။

ဗြိတိန်ဇာတ်ညွှန်းရေးဆရာ Steven Knight ဇာတ်ညွှန်းရေးပြီး ချီလီဒါရိုက်တာ Pablo Larrain ရိုက်ကူးထားသည့် ထိုဇာတ်ကားတွင် Stewart က ဗြိတိန်တော်ဝင် ချားလ်စ်မင်းသား၏ ပထမဇနီး မင်းသမီး ဒိုင်ယာနာ Diana Spencer နေရာမှ သရုပ်ဆောင်ထားသည်။

၁၉၉၀ ပြည့်နှစ်အစောပိုင်းက တော်ဝင်မိသားစုနှင့် ခရစ္စမတ်အားလပ်ရက်ကာလဖြတ်သန်းနေချိန် ဒိုင်ယာနာတစ်ယောက် ချားလ်စ်မင်းသားကို ထားရစ်ခဲ့ရန်ဆုံးဖြတ်လိုက်သည့်အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ချားလ်စ်မင်းသားနေရာတွင်မြင် ရမည့်သူက ဗြိတိန်ရုပ်ရှင်မင်းသား Jack Farthing ဖြစ်သည်။

ဒိုင်ယာနာနှင့် ချားလ်စ်မင်းသားတို့၏ အိမ်ထောင်ရေးသည် ၁၉၈၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး ဝီလျံနှင့် ဟယ်ရီ သားနှစ်ဦး ထွန်းကားခဲ့သည်။ ထို့နောက် ၁၉၉၇ ခုနှစ် သြဂုတ်တွင် ယာဉ်မတော်တဆမှုဖြစ်ကာ ဒိုင်ယာနာတစ်ယောက် လူ့လောကကို စွန့်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် ဒိုင်ယာနာ အသက် ၃၆  နှစ်သာ ရှိသေးသည်။

Stewart ကို ဒိုင်ယာနာပုံစံဖြင့် မြင်ရသည့် ဓာတ်ပုံတစ်ပုံကို Neon ထုတ်လုပ်ရေးက  မတ်လကတည်းက ထုတ်ဖော်ပြခဲ့သည်။ Neon နှင့် Topic Studios အမေရိကန်ထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုက ပူးပေါင်းဖြန့်ချိမည့် Spencer ဇာတ်ကားကြီးကို ဒိုင်ယာနာကွယ်လွန်မှု ၂၅ နှစ်ပြည့်အထိမ်းအမှတ် ၂၀၂၂ ခုနှစ်မှ ရုံတင်မည်ဟုလည်း နဂိုကယူဆခဲ့ကြသည်။ သို့သော်ဆုပေးရာသီအမီဖြစ်ရန် နိုဝင်ဘာ ၅ရက်တွင် ရုံတင်ရန် သတ်မှတ်လိုက်ကြသည်။

တရုတ်-အမေရိကန်ဒါရိုက်တာ Chloe Zhao ရိုက်ကူးသည့် “The Eternals” နှင့် Tom Hanks ခေါင်းဆောင်ပါဝင်ထားသည့် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား “Finch” တို့သည်လည်း ၂၀၂၁ နှောင်းပိုင်းလများတွင် ပိတ်ကားထက် ရောက်လာမည်ဖြစ်သည်။


READ NEXT
Cancel OK