Top News

Joker ဇာတ်ကားနှင့် ဘရက်ပစ် ပါဝင်သည့် အာကာသဇာတ်ကား Ad Astra ကို ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက်ပြသမည်
24htopnews | March 30, 2024 12:12 PM CST

DC Comics ၏ ဇာတ်ကောင်ကို အခြေပြုရိုက်ကူးထားသည့် Joker ဇာတ်ကားနှင့် ဘရက်ပစ် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် အာကာသဇာတ်ကား Ad Astra တို့ကို ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက် ပြသမည်ဖြစ်သည်။ 

ဒါရိုက်တာ တော့ဒ်ဖိလစ်ရိုက်ကူးသည့် Joker ဇာတ်ကားတွင် Joaquin Phoenix ၊ ရောဘတ်ဒီနီယို၊ Zazie Beetz နှင့် Frances Conroy တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို အောက်တိုဘာ ၄ ရက်တွင် ဖြန့်ချိရန် စီစဉ်ထားသည်။

ပျောက်ဆုံးနေသော ဖခင်ဖြစ်သူကို ရှာဖွေရန် အာကာသသို့ သွားရောက်ခဲ့ပြီး ကမ္ဘာတွင် လူသားများ အသက်ရှင်သန်မှုကို ခြိမ်းခြောက်နေသည့် လျှို့ဝှက်မှုတစ်ခုကို ဖြေရှင်းခဲ့သည့် အာကာသယာဉ်မှူး Roy McBride အကြောင်းကို ဒါရိုက်တာ ဂျိမ်းစ်ဂရေး ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ဘရက်ပစ်၊ တော်မီလီဂျုံးစ်၊ Ruth Negga၊ Liv Tyler နှင့် Donald Sutherland တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို စက်တင်ဘာ ၂၀ ရက်တွင်  အမေရိကန်၌ ဖြန့်ချိမည်ဖြစ်သည်။ Joker နှင့် Ad Astra ဇာတ်ကားသည် ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲကဏ္ဍတွင်လည်း ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခုနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ရွှေခြင်္သေ့ဆုအတွက် ယှဉ်ပြိုင်မည့်ဇာတ်ကားစုစုပေါင်း ၂၁ ကားတွင် အာရှဇာတ်ကားသုံးကား ပါဝင်မည်ဖြစ်သည်။

ပြင်သစ်ဖွားဒါရိုက်တာ ရိုမန်ပိုလန်စကီး၏ ဇာတ်ကားသစ် An Officer and A Spy ကို ပြိုင်ပွဲကဏ္ဍအတွက် ရွေးချယ်ခဲ့မှုအတွက် ဝေဖန်မှုများလည်း ထွက်ရှိခဲ့သည်။ ပိုလန်စကီးသည် အငြင်းပွားဖွယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်များကြောင့် ရုပ်ရှင်၊ အနုပညာနှင့် သိပ္ပံအကယ်ဒမီ၏ ဘုတ်အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး တစ်နှစ်အကြာတွင် ယင်းဇာတ်ကားအသစ်ဖြင့် လူမြင်ကွင်းရှေ့ တစ်ကျော့ပြန် ရောက်ရှိလာမှု ဖြစ်သည်။

ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲကဏ္ဍသည်လည်း အမျိုးသားဒါရိုက်တာများ လွှမ်းမိုးခဲ့ပြီး အမျိုးသမီး ဒါရိုက်တာ နှစ်ဦးသာ ပါဝင်ခဲ့သည်။ (၇၆) ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဂျပန်ဒါရိုက်တာ Hirokazu Kore- eda ၏ The Truth ဇာတ်ကားဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။ ယခုနှစ် ရွှေခြင်္သေ့ဆုရွေးချယ်မည့် အကဲဖြတ်ဒိုင်အဖွဲ့ကို ဒါရိုက်တာ Lucrecia Martel က ဦးဆောင်မည်ဖြစ်သည်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်သည် ကိန်းနှင့် ဘာလင်ရုပ်ရှင်ပွဲတော်တို့နှင့်အတူ ကမ္ဘာတွင် သက်တမ်းအကြာဆုံး ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည်။


READ NEXT
Cancel OK