မော်ဒယ်စင်မြင့်ထက်မှာ လျှောက်လှမ်းနေတဲ့ လူငယ်မော်ဒယ်တွေက နိုင်ငံတကာမော်ဒယ် စင်မြင့်ထက်ထိရောက်အောင် ချီတက်ကြိုးစားနေဆဲဖြစ်သလို ဒီလိုကြိုးစားဆဲလူငယ်တွေထဲမှာ နိုင်ငံတကာက ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ဦးကတော့ လူငယ်မော်ဒယ်တစ်ဦးဖြစ်သူ ပိုင်တံခွန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သြဂုတ် ၃ ရက်မှာတော့ ထိုင်းပရိသတ်တွေနဲ့ Fan Meeting ပြုလုပ်ဖို့ စီစဉ်ထားသူဖြစ်ပြီး လက်မှတ်စျေးနှုန်း မြင့်မားစွာနဲ့ ပြုလုပ်ခွင့် ရရှိထားတာလည်း ဖြစ်ပါတယ်။ ဂျပန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေရဲ့ သတင်းစာမျက်နှာတွေမှာ မြန်မာမော်ဒယ်တစ်ဦးအနေနဲ့ ပါဝင်ခွင့်ရခဲ့သလို ထိုင်းပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု များစွာကိုလည်း ရရှိထားတဲ့ မော်ဒယ်ပိုင်တံခွန်နဲ့ အခုတစ်ပတ်မှာတွေ့ဆုံပြီး ငယ်စဉ်ဘဝရဲ့ အမှတ်တရတချို့ကို ဖော်ပြပေးချင်ပါတယ်။
မော်ဒယ်ပိုင်တံခွန်ကို စက်တင်ဘာ ၁၇ ရက် ၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့ပြီး ကော့သောင်းဇာတိ ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ၁၂ ယောက်ရှိတဲ့အနက် ခြောက်ယောက်က ကွယ်လွန်သွားပြီဖြစ်တာကြောင့် ခြောက်ယောက်သာ ကျန်ရှိတော့တယ်လို့ဆိုပါတယ်။ မော်ဒယ်ပိုင်တံခွန်က ငယ်စဉ်ကလေးဘဝမှာ ခမောက်ကြီးမှာ ကြီးပြင်းခဲ့တာဖြစ်လို့ တံငါသည်တွေနဲ့အတူ တောဓလေ့စရိုက်အတိုင်း ဖြတ်သန်းခဲ့ရတာက အမှတ်တရပါလို့ဆိုပါတယ်။ ကလေးဘဝမှာ ကစားမက်တဲ့ကလေးတစ်ယောက်ဖြစ်ပြီး တောရွာမှာဖြစ်တာကြောင့် လွတ်လပ်ပေါ့ပါးတဲ့ ငယ်စဉ်ဘဝကို ဖြတ်သန်းခဲ့တယ်လို့ဆိုပါတယ်။
ကျောင်းပညာရေးကိုတော့ ခမောက်ကြီးမှာ သတ္တမတန်းအထိတက်ခဲ့ပြီး အဋ္ဌမတန်း၊ နဝမတန်းမှာ မြိတ်မြို့မှာ တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၀ တန်းနှစ်ကိုတော့ ကျောင်းခဏခဏပြောင်းခဲ့ရပြီး ၁၀ တန်း အောင်မြင်တာကတော့ ခမောက်ကြီးကျောင်းမှာ အောင်မြင်တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာ နဝမတန်းအထိက ထူးချွန်တဲ့အဆင့်ထိ ပါဝင်ပေမယ့် ၁၀ တန်းနှစ်မှာ ကျောင်းအရွှေ့အပြောင်းတွေကြောင့် သာမန်အဆင့်လောက်ပဲ အောင်ခဲ့တယ်လို့ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာ ကျောင်းပညာရေးကို ခဏရပ်နားထားခဲ့ပြီး လက်ရှိမှာတော့ စိတ်ပညာအထူးပြု တတိယနှစ်ကို တက်ရောက်သင်ယူနေတယ်လို့ ဆိုပါတယ်။
“ငယ်ငယ်ကတည်းက မေမေက သားကြီးလာရင် သရုပ်ဆောင်လုပ်လို့ ပြောတတ်ပေမယ့် ကိုယ်က တောမှာကြီးရတဲ့သူဆိုတော့ အဲဒီလိုအိပ်မက်မျိုးက မမက်ရဲခဲ့ဘူး။ ကျောင်းကပွဲတွေမှာတော့ ဆရာ၊ ဆရာမတွေက အမြဲပါဝင်ခိုင်းတာကြောင့် ပါဖြစ်တယ်။ အဲဒီကတည်းကလည်း အနုပညာကို ၀ါသနာပါပေမယ့် စိတ်ကူးအိပ်မက်ဆိုတာမျိုးတော့ ဆယ်တန်းအောင်ပြီးမှပဲ စပြီးပေါ်လာတာပါ” လို့ ပိုင်တံခွန်က ဆိုပါတယ်။
သရုပ်ဆောင်ပိုင်တံခွန်ရဲ့ ပထမဆုံး အနုပညာလှုပ်ရှားမှုအနေနဲ့ မြိတ်မြို့မှာ ပြုလုပ်တဲ့ မော်ဒယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ရာကနေ ဆုတွေရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အနုပညာအိပ်မက်တွေ ပွေ့ပိုက်ပြီး ရန်ကုန်ကို ရောက်လာတယ်လို့ဆိုပါတယ်။ မိဘများရဲ့စီးပွားရေးအခြေအနေအပါအဝင် အခက်အခဲတွေ ရှိတာကြောင့် အများကြီးရုန်းကန်ရပေမယ့် စိတ်ဓာတ်မကျဘဲ ဖြေးဖြေးမှန်မှန် ခြေလှမ်းတွေနဲ့ ရှေ့ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်ပိုင်တံခွန်က ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ကွဲထွက်နေအောင် ကြိုးစားနေတတ်သလို အပြုံးချိုချို၊ ဆံပင်ရှည်ရှည်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတာလည်းဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးမှုတွေ၊ မော်ဒယ်ရှိုးတွေမှာ ထင်ရှားလာခဲ့ပြီးနောက် ဂျပန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းစတဲ့ နိုင်ငံတွေက သတင်းစာမျက်နှာတွေထက်မှာ မော်ဒယ်ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို ဖော်ပြခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ မော်ဒယ်ပိုင်တံခွန်ကို ထိုင်းပရိသတ်အများအပြားက အားပေးလာခဲ့တာဖြစ်ပါတယ်။ ထိုင်းပရိသတ်အားပေးမှုများပြားလာပြီးနောက် Fan Meeting အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။
မော်ဒယ်ပိုင်တံခွန်က လတ်တလောမှာတော့ သြဂုတ် ၃ ရက်မှာ ထိုင်းပရိသတ်တွေနဲ့ Fan Meeting လုပ်ဖို့ စီစဉ်ထားပါတယ်။ ဘန်ကောက်မှာလုပ်မှာဖြစ်သလို ပရိသတ်တွေနဲ့ အမှတ်တရ လက်မှတ်ရေးထိုးတာတွေ၊ လက်ဆောင်ပေးအပ်တာတွေ၊ ပျော်စရာအစီအစဉ်တွေ အများကြီးပါဝင်သလို အရမ်းလည်း စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာမော်ဒယ်စင်မြင့်ထက်မှာ လျှောက်လှမ်းဖို့ ကမ်းလှမ်းထားပေမယ့် လိုအပ်ချက်တွေရှိနေသေးလို့ တစ်ခါတရံ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးနေသေးတယ်လို့လည်း ဆိုပါတယ်။ နောက်ပိုင်းမှာလည်း မော်ဒယ်နဲ့သရုပ်ဆောင်အလုပ်ကို တွဲဖက်လုပ်ကိုင်သွားဖို့ရှိပေမယ့် သရုပ်ဆောင်ဘက်ကို ပိုပြီးဦးစားပေးသွားမယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖို့ ကမ်းလှမ်းနေသလို နိုင်ငံတကာနဲ့ ပူးပေါင်းရိုက်ကူးဖို့လည်းရှိတာကြောင့် ဘာသာစကား လေ့လာမှုအပြင် အခြားလိုအပ်တာတွေပါ လေ့လာနေတယ်လို့ဆိုပါတယ်။
သရုပ်ဆောင်ပိုင်တံခွန်က အားပေးတဲ့ ပရိသတ်တွေအတွက် အများကြီးဆက်ကြိုးစားသွားမှာဖြစ်သလို အခုကြိုးစားနေတာထက် အဆပေါင်းများစွာ ပိုပြီးကြိုးစားသွားဦးမှာပါလို့ ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း စောင့်မျှော်နေပါတယ်လို့ ပိုင်တံခွန်က ဆိုပါတယ်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်