ပရိသတ်တွေရဲ့ရင်ထဲကို အခိုင်အမာနေရာယူနိုင်ခဲ့ပြီး အောင်မြင်နေတဲ့အနု ပညာရှင်တစ်ယောက်အဖြစ်ကနေ အနုပညာအလုပ်တွေနဲ့ ကာလအတန်ကြာဝေးကွာသွားခဲ့ပြီးမှ ပရိသတ်တွေက သူ့ရဲ့အနုပညာကို ပြန်လည်မြင်တွေ့ခွင့်ရခဲ့သူတစ် ဦးကတော့ အကယ်ဒမီလွင်မိုးပါ။ ဇာတ်ကားအချို့ကို ပြန်လည်ရိုက်ကူးလာခဲ့သူဖြစ်ပြီး သြဂုတ် ၁ ရက်မှာ ရုံတင်ပြသတော့မယ့် သူစိမ်းအိမ်ဇာတ်ကားမှာတော့ သူ့ရဲ့အနုပညာကို အရင်တုန်းကလို မှတ်မှတ်ထင်ထင်ပြန်ပြီးဖြစ်စေမယ်လို့ ပရိသတ်တွေက ပြန်ပြီးမျှော်လင့်နေကြသူ၊ လက်ရှိမှာလည်း ရုပ်ရှင်လောကအတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ဆည်းရင်း Paradiso ရုပ်ရှင်ရုံအုပ်စုကိုလည်း ဦးဆောင်နေသူ အကယ်ဒမီလွင်မိုးနဲ့ တွေ့ဆုံခိုက် သူစိမ်းအိမ်ဇာတ်ကားအကြောင်း နဲ့ ရုပ်ရှင်လောကနဲ့ ပတ်သက်တဲ့အကြောင်းအရာအချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
■မေး - သူစိမ်းအိမ်ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ခဲ့တာလေးကို အရင်ပြောပြပေးပါ။
■ဖြေ - ကျွန်တော် ဒီဇာတ်ကားမရိုက်ကူးခင်မှာ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ ‘ည’ ဇာတ်ကားကိုကြည့်ဖူးတယ်။ ကြိုက်တယ်လေ။ အဲဒီအတွက် သူတို့က ဒီဇာတ်ကားအတွက် ကမ်းလှမ်းလာတဲ့အခါ ဇာတ်လမ်းလေးကလည်း ကောင်းတယ်၊ သူနဲ့ အလုပ်တွဲလုပ်ချင်တဲ့အတွက် လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။
■မေး - သူစိမ်းအိမ်ဇာတ်ကား ရိုက်ကူးရတဲ့ အတွေ့အကြုံကရော အစ်ကို့အတွက်ဘယ်လိုရှိလဲ။
■ ဖြေ - ဒီဇာတ်ကားကို ရိုက်ကူးမယ်လို့စပြီး လက်ခံကတည်းက ထူးပိုင်ဇော်ဦးက ဒီဇာတ်ကားမှာသူတို့ လုပ်ချင်တာတွေကိုပြောတယ်။ အဲဒီကတည်းက စိတ်ထဲမှာက ဒါတွေဟာ ငါရိုက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ပုံစံမဟုတ်တော့ဘူးဆိုတာ သိတယ်။ ကိုယ်လုပ်နေကျ မဟုတ်တာတွေဖြစ်တဲ့အတွက် ကိုယ်လုပ်သမျှက အံဝင်ခွင်ကျဖြစ်ချင်မှလည်း ဖြစ်မယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကအစွမ်းကုန်လိုက်လျောပြီး လုပ်ရမယ်ဆိုတဲ့အသိကို ရှုတင်သွားကတည်း စိတ်ထည့်ပြီးသွားခဲ့တယ်။ အမှန်အတိုင်းပြောရရင်တော့ ဒီဇာတ်ရဲ့ရိုက်ကွင်းကြီးက ကျွန်တော်တို့နဲ့ကိုက်ညီတဲ့ ရိုက်ကွင်းကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ကြိုးစားပြီးသွားပေးရတယ်။ လူငယ်တွေကလည်း ကြိုးစားကြတာကိုး။ သူက မနက် ၇ နာရီဆိုရင် ၇ နာရီရောက်အောင် သွားပေးရတယ်။ ည ၁၁ နာရီမှပြီးတာ လည်းရှိတယ်၊ မနက် ၄ နာရီမှ ရိုက်ကွင်းပြီးတာလည်းရှိတယ်။ ဒါပေမဲ့လည်း ရှုတင်ရောက်တဲ့အချိန်မှာ အရမ်းကြီးခက်ခဲတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘဝဇာတ်ညွှန်းဖတ်တယ်ဆိုတာကို နိုင်ငံတကာရုပ်ရှင်ရိုက်ကွင်းတွေမှာ လေ့လာဖူးတာပဲရှိတယ်။ ရုပ်ရှင်မရိုက်ခင် ၁၀ ရက် တစ်ပတ်လောက်မှာ ပါဝင်တဲ့သရုပ်ဆောင်တွေ အားလုံးကကိုယ်ပါဝင်ရမယ့် ဇာတ်ဝင်ခန်းဇာတ်ညွှန်းတွေကို အားလုံးစုပြီးဖတ်ကြရတယ်။ ဒါတွေက ကျွန်တော်တို့ရုပ်ရှင်ကို နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဖြစ်ဖို့ဆိုရင် နိုင်ငံတကာအဆင့်ရိုက်တဲ့သူတွေရဲ့ ပြင်ဆင်မှုတွေဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုနိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုပုံစံတွေရဲ့ အခြေခံအချက်တွေကို ဒီဇာတ်ကားရိုက်ကူးမှုမှာ အားလုံးတွေ့ခဲ့ရပါတယ်။ အဲဒီအတွက် ကြိုးစားပေးကြတဲ့လူငယ်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်။
■မေး - ရုပ်ရှင်လောကရဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ လက်တွဲလုပ်ရတဲ့အခါ သူတို့အပေါ် အစ်ကို ဘယ်လိုမြင်မိလဲ။
■ ဖြေ - ဒီဇာတ်ကားရိုက်ကူးချိန်မှာ အဖွဲ့သားတွေအားလုံးက ကြိုးစားကြတယ်။ စည်းကမ်းလည်းအရမ်းရှိကြတယ်။ ဇာတ်ကားမရိုက်ကူးခင်မှာလည်း ထရိန်နင်တွေလုပ်ထားရတဲ့အတွက် အရမ်းကိုကောင်းပါတယ်။ မြန်မာ့ရုပ်ရှင်မှာ ဒီလိုမျိုးကြိုးစားတဲ့ မျိုးဆက်သစ်လူငယ်တွေကို တွေ့ရတဲ့အတွက် ကျွန်တော်တို့လိုမျိုး မြန်မာ့ရုပ်ရှင်မှာနေလာတဲ့သူတစ်ယောက်နေနဲ့ အရမ်းကိုဂုဏ်ယူပါတယ်။ မြန်မာ့ရုပ်ရှင်အနာဂတ်အတွက်လည်း ကျေနပ်မိပါတယ်။
■မေး - ‘သူစိမ်းအိမ်’ ဇာတ်ကားနဲ့ပတ်သက်ပြီး အစ်ကို့အနေနဲ့ပရိသတ်တွေကို ပြောချင်တဲ့ကား ရှိရင်။
■ဖြေ - ဒီဇာတ်ကားက ကျွန်တော်တို့အတွက် ဂုဏ်သိက္ခာရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုဇာတ်ကားမျိုး ရိုက်ရတဲ့အတွက်လည်း ကျွန်တော်အရမ်းကို ကျေနပ်ပါတယ်။ ပရိသတ်တွေဒီဇာတ်ကားကို ကြည့်ရကျိုးနပ်မှာပါ။ နောက်ပြီး ‘သူစိမ်းအိမ်’ ဇာတ်ကားက မြန်မာ့ရုပ်ရှင်အတွက်လည်း အရမ်းကိုအားရှိမယ့် ဇာတ်ကားတစ်ကားပါ။ ပရိသတ်တွေလည်း အားပေးမယ်လို့မျှော်လင့်ပါတယ်။ ကြိုက်လည်းကြိုက်ကြမှာပါ။
■မေး - မြန်မာ့ရုပ်ရှင်ရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီး အစ်ကို့ရဲ့အမြင်ကိုလည်း သိပါရစေ။
■ဖြေ - မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ ရိုက်ကူးမှုပုံစံတွေက Trands တွေက ပြောင်းပါပြီ။ မပြောင်းနိုင်တဲ့သူတွေက ကျန်ခဲ့မယ့် သဘောတွေကိုလည်း ကျွန်တော်မြင်ရတယ်။
■မေး - ဇာတ်ကားကို ကိုယ်တိုင်ပြန်ကြည့်ရတဲ့အခါမှာရော ဘယ်လိုခံစားရလဲ။
■ဖြေ - သရုပ်ဆောင်တစ်ယောက်က ကိုယ်ပါဝင်ထားတဲ့ဇာတ်ကားကို ပြန်ကြည့်ရတာမှန်ပေမယ့်လည်း ကိုယ်တိုင်က စိတ်လှုပ်ရှားရတယ်။ ဇာတ်ကားကိုအခုမှစကြည့်တဲ့ ကျွန်တော့်မိသားစုတွေဆိုရင် ဒီဇာတ်ကားကို ကြိုက်ကြတယ်။
■မေး - အစ်ကို့အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေပြန်ပြီး ရိုက်ကူးဖြစ်တာက ကိုယ်တိုင်က ရုပ်ရှင်ရုံတွေတည်ထောင်ပြီး ရုပ်ရှင်နဲ့ပြန်နီးစပ်မှုရှိလာလို့လား။
■ဖြေ - အသိုင်းအဝိုင်းကလည်း ဒီအသိုင်းအဝိုင်းပဲဆိုတော့ ဒါကတော့ဖြစ်နေမှာပါပဲ။ အဲဒီထဲမှာမှ ထူးပိုင်ဇော်ဦးကတော့ ထူးထူးခြားခြားပေါ့။ သူနဲ့ကျွန်တော်က ရိုက်ကူးမှုတွေမရှိခဲ့ဘူး။ ဒါပေမဲ့သူကလည်း သူ့ဇာတ်ကားမှာလိုက်ဖက်မယ့်ကာရိုက်တာကို ရှာတယ်။ ကိုယ်ကလည်းဇာတ်ကိုကြိုက်သလို သူနဲ့အလုပ်တွဲလုပ်ချင်တာကြောင့် လက်ခံဖြစ်ခဲ့တယ်။ တခြားတော့ဇာတ်ကားရိုက်ကူးမှုတွေကို ထွေထွေထူးထူး လက်ခံရိုက်ကူးဖြစ်နေတာမျိုးတော့ မရှိပါဘူး။
■မေး - အစ်ကို့အနေနဲ့ နောက်ထပ်လူငယ်တွေနဲ့ရော လက်တွဲဖို့ စဉ်းစားထားလား။
■ ဖြေ - ဒါပေါ့ လူငယ်တွေကိုကြိုဆိုရမယ်။ စကားတွေပြောရမယ်။ သူတို့ ဘယ်လိုလုပ်ချင်လဲ ကျွန်တော်တို့ ဘယ်လိုပူးပေါင်းပါဝင်ပေးရမလဲ။ သူတို့ ဘာတွေလုပ်နိုင်လဲ ကျွန်တော်တို့ဘာတွေပံ့ပိုးပေးရမလဲဆိုတာတွေ လုပ်ရမှာပါ။ ဒါမှလည်း ဒီရုပ်ရှင်လောကကြီးကောင်းမှာပါ။
■မေး - လက်ရှိ မြန်မာ့ရုပ်ရှင်ရဲ့ အလားအလာကိုရော အစ်ကိုဘယ်လိုမြင်မိလဲ။
■ဖြေ - အခုလက်ရှိ ‘သူစိမ်းအိမ်’ ဇာတ်ကားအပြင် အချို့ဇာတ်ကားလေးတွေကို ပြန်ပြီးကြည့်မယ်ဆိုရင် မြန်မာ့ရုပ်ရှင်ရဲ့အလားအလာက အရမ်းကိုပိုကောင်းမယ့် သဘောရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့လည်းရုပ်ရှင်ရုံတွေကို နယ်တွေမှာလည်းတည်ဆောက်နေပြီး ရုံအရေအတွက်တွေများလာအောင် ကြိုးစားနေတဲ့အတွက် ရုပ်ရှင်တွေမှာ ဝင်ငွေတွေလည်း တိုးတက်လာအောင်ကြိုး စားနေတဲ့အတွက် ရှေ့မှာဇာတ်ကားကောင်းတွေနဲ့ ရုံကောင်းကောင်းတွေ များလာတာနဲ့ဆိုရင် မြန်မာ့ရုပ်ရှင်ဟာရှေ့မှာ ပရိသတ်တွေ နှစ်သက်တဲ့ဇာတ်ကားကောင်းတွေ ဝင်ငွေတွေကောင်းတဲ့ဇာတ်ကားတွေ ဖြစ်လာမှာပါ။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်