Top News

ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် လီဗာပူးလ်ထိုက်တန်ဟု အမ်မရီ ချီးကျူးခဲ့ပြီး ပယ်နယ်တီမရသည့်အတွက် ဗီလာရီးယဲလ်ဥက္ကဋ္ဌ ဒေါသထွက်
24htopnews | December 5, 2024 12:12 AM CST

ဗီလာရီးယဲလ်အသင်းနည်းပြ အူနိုင်းအမ်မရီက လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် ထိုက်တန်ကြောင်း ချီးကျူးခဲ့သော်လည်း ဗီလာရီးယဲလ်အသင်းဥက္ကဋ္ဌ  ဖာနန်ဒိုရို့ဂျ်က ၎င်းတို့အသင်း တတိယဂိုးရရှိနိုင်သည့် ပယ်နယ်တီအခွင့်အရေးတစ်ကြိမ် ငြင်းပယ်ခဲ့ခြင်းအတွက် ကွင်းလယ်ဒိုင် ဒန်နီမက်ခီလိုင်းအား ပြစ်တင်ခဲ့သည်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အဝေးကွင်း ပွဲစဉ်တွင် ဗီလာရီးယဲလ်အသင်းသည် လီဗာပူးလ်အသင်းကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်၏ ပထမပိုင်းပွဲချိန်အတွင်း (၂-ဝ)ဂိုးဖြင့် ဦးဆောင်ထားနိုင်သော်လည်း ဒုတိယပိုင်း၌ (၃)ဂိုးပြန်ပေးရကာ  ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။

အူနိုင်းအမ်မရီက "ရှုံးပွဲကြုံတွေ့သူတိုင်းအတွက် ဝမ်းနည်းရတာချည်းပါပဲ။ ကျွန်တော်တို့က ပုံစံကောင်းပြသနိုင်ပေမဲ့ နိုင်ပွဲမရလို့ မပျော်ရွှင်ရပါဘူး။ ကျွန်တော်တို့အသင်းက ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ပွဲမှာ အကောင်းဆုံးတိုက်ပွဲဝင်နိုင်ခဲ့သလို၊ အခု လီဗာပူးလ်နဲ့ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်း မွန်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်းက ဘယ်လောက်ကောင်းတယ်ဆိုတာ လူတိုင်းသိအောင် ပြသနိုင်ခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေလည်း ရရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လီဗာပူးလ်အသင်းက ဗိုလ်လုပွဲနဲ့ ထိုက်တန်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဗီလာရီးယဲလ်အသင်းဥက္ကဋ္ဌ ဖာနန်ဒိုရို့ဂျ်ကမူ ပထမပိုင်းပြီးခါနီးတွင် ဗီလာရီးယဲလ်ကွင်းလယ်လူ ဆယ်လ်ဆိုကို လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်တားဆီးခဲ့ ပုံနှင့်ပတ်သက်၍ VAR ပြန်ကြည့်ပြီး အရေးယူရန်ပျက်ကွက်ခဲ့သော ကွင်းလယ်ဒိုင် ဒန်နီမက်ခီလိုင်းအား ပြစ်တင်ခဲ့သည်။ "ဒါက မသမာမှုပါပဲ။ အယ်လစ်ဆန်က ဆယ်လ်ဆိုကို ထိခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ အရေးပါတဲ့ရွေ့ကွက်ဖြစ်ပြီး သူက လီဗာပူးလ်ကို တိတ်တိတ်လေးမျက်နှာသာ ပေးလိုက်တာပါပဲ။ ဒီဖြစ်ရပ်ကို ဆင်ခြေတစ်ခုအဖြစ် ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ လီဗာပူးလ်က အသင်းကောင်းဖြစ်ပြီး ပထမအကျော့ကလည်း ကျွန်တော်တို့ကို အနိုင်ရထားပါတယ်။ ဒါပေမဲ့ အဲဒီကွင်းလယ်ဒိုင်က ဒီလို အဆင့်ပွဲမျိုးကို တာဝန်ယူနိုင်တဲ့လူစားမျိုးမဟုတ်ပါဘူး" ဟု ဖာနန်ဒိုရို့ဂျ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK