Top News

အီတလီတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ရက်ဆက်တိုက် ကျဆင်း
24htopnews | November 26, 2024 6:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တစ်လအတွင်း လူ ၆၀၀၀ ကျော် သေဆုံးခဲ့ရသည့် အီတလီတွင် နေ့စဉ်ကူးစက်မှုနှင့် သေဆုံးမှု နှစ်ရက်ဆက်တိုက် ကျဆင်းခဲ့သည်။ မြေထဲပင်လယ်နိုင်ငံ အီတလီတွင် ယင်းဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးမှုသည် မတ် ၂၁ က ၇၉၃ ဦးအထိ ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပြီး မတ် ၂၂ တွင် ၆၅၁ ဦးနှင့် မတ် ၂၃ တွင် ၆၀၁ ဦးအထိ နှစ်ရက်ဆက် ကျဆင်းခဲ့သည်။ ဗိုင်းရပ်စ် ထပ်မံကူးစက်မှုသည်လည်း မတ် ၂၂ တွင် ၆၅၅၇ ဦးနှင့် မတ် ၂၃ တွင် ၄၇၈၉ ဦးသို့ ကျဆင်းခဲ့သည်။

ဗိုင်းရပ်စ်ကြောင့် အထိနာခဲ့သော မီလန်၏ လမ်ဘာဒီမှ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ ဂီအူလီယိုဂါလီရာသည် သီတင်းပတ်များစွာအတွင်း ရုပ်သံ၌ ပထမဆုံးအကြိမ် ထွက်ပေါ်ခဲ့ပြီး အောင်ပွဲရပြီဟု မကြေညာနိုင်သေးသော်လည်း မျှော်လင့်ချက် အလင်းရောင် တွေ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီတလီသည် အကောင်းဘက် ဦးတည်နေပြီဖြစ်ကြောင်း သိရှိရန် ရက်အနည်းငယ် ကြာနိုင်သေးသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

မကျန်းမာသူအချို့ကို စောင့်ရှောက်ပေးရန် အီတလီအစိုးရ၏ တောင်းဆိုမှုကို ဂျာမနီက လက်ခံကြောင်း မတ် ၂၃ တွင် ကြေညာခဲ့ပြီး လူနာ ၆ ဦးကို အရှေ့ဘက် ဆက်ဆိုနီ ပြည်နယ်မှ လိုက်ဘဇစ်နှင့်ဒရက်စဒင်ရှိ ဆေးရုံများသို့ လွှဲပြောင်းပေးခဲ့သည်။

အီတလီပြည်သူများသည် သီတင်းပတ်များစွာ ပိတ်ဆို့ခံထားရပြီး ထိုပိတ်ဆို့မှု အကျိုးကို စတင်ခံစားလာရပြီဖြစ်သည်။ အီတလီဝန်ကြီးချုပ် ဂီဆက်ပေကွန်တေက အရေးမကြီးသော စက်ရုံများ ပိတ်ဆို့မှုကို ထပ်မံဆောင်ရွက်မည်ဟု ကြေညာခဲ့ပြီးနောက် အီတလီ၏ဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှု ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဥရောပတွင် ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်ဖြစ်လာခဲ့သော အီတလီကို ကယ်တင်ရန်အတွက် ခရီးသွားလာမှုများကိုလည်း ကွန်တေအစိုးရက တားမြစ်ခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက် အီတလီအစိုးရသည် အစစအရာရာ ပိတ်ဆို့တားဆီးခဲ့ပြီး စီးပွားရေးနှင့် လူမှုလွတ်လပ်ခွင့်များကို စတေးခဲ့ရသည်။ ဘုံအကျိုးအတွက် တစ်ဦးချင်း လွတ်လပ်ခွင့်များကို စတေးကြရန် အီတလီလူဦးရေ သန်း ၆၀ အား တာဝန်ရှိသူများက တောင်းဆိုခဲ့သည်။

မီလန်တစ်ဝိုက်တွင် ပြဋ္ဌာန်းခဲ့သော တားမြစ်တင်းကျပ်မှုများသည် မတ် ၂၂ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် တားမြစ်ပိတ်ပင်မှုများသည် မတ် ၂၅ တွင် ပြီးဆုံးမည်ဖြစ်သည်။

ကန့်သတ်တားမြစ်မှုများကို အကန့်အသတ်မရှိ သက်တမ်းတိုးဖွယ်ရှိကြောင်း ကွန်တေက ပြီးခဲ့သည့် သီတင်းပတ်တွင် အရိပ်အမြွက် ပြောခဲ့သည်။ ဝန်ကြီးချုပ်၏ဆုံးဖြတ်ချက်သည် ရက်အနည်းငယ်အတွင်း ကြေညာမည်ဟု မျှော်လင့်ရသည်။

မတ် ၁၀ တွင် အာဏာသက်ဝင်ခဲ့သော အစိုးရအမိန့်အရ လူအများအား နေအိမ်၌သာနေထိုင်ရန် တင်းကျပ်ထားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့သော လမ်ဘာဒီတွင် ပို၍တင်းကျပ်ခဲ့သည်။

အီတလီတွင် ဗိုင်းရပ်စ်ကူးစက်မှုအားလုံး၏ ထက်ဝက်နီးပါးနှင့် သေဆုံးမှုအားလုံး၏ သုံးပုံနှစ်ပုံနီးပါးသည် လမ်ဘာဒီတွင် ဖြစ်ခဲ့သည်။ သို့သော်လည်း လမ်ဘာဒီတွင် လူအများအပြား အပြင်ထွက်နေဆဲဖြစ်သောကြောင့် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်ကို တိမ်းရှောင်နေကြသူများရှိနေကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

အာဏာပိုင်များက တင်းကျပ်မှုများ ထပ်မံပြဋ္ဌာန်းခဲ့ပြီး ခွေးများအတွက် အဝေးဆုံး လမ်းလျှောက်နေသော အကွာအဝေးကို ၂၀၀ မီတာဟု ကန့်သတ်ခဲ့သည့်အပြင် လဟာပြင်အားကစား အမျိုးအစားအားလုံးအတွက် အိမ်တွင်းလေ့ကျင့်မှုကိုပါ တားမြစ်ခဲ့သည်။ အားကစားသည် ခြိမ်းခြောက်မှု မဟုတ်သော်လည်း လွတ်လပ်စွာ သွားလာလှုပ်ရှားမှု အခွင့်အရေးကို လူများက အလွဲသုံးစားပြုသောကြောင့် အားကစားကို ပိတ်ပင်ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောခဲ့သည်။

သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များအား ချိုးဖောက်သူများကို ဒဏ်ငွေ ဒေါ်လာ ၅၃၀၀ ကျော် ချမှတ်မည်ဟု လမ်ဘာဒီ အာဏာပိုင်များက ကြေညာခဲ့သည်။

 

 


READ NEXT
Cancel OK