Top News

ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်းမှုကို ပြင်းထန်စွာရှုတ်ချကြောင်း UN ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | November 26, 2024 3:13 PM CST

မြန်မာနိုင်ငံ အနှံ့အပြားတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုများအပေါ် အကြမ်းဖက်မှုများ ပိုမိုဆိုးရွား ပြင်းထန်လာနေခြင်းကို ကျွန်ုပ်တို့က ပြင်းထန်စွာ ရှုတ်ချကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများအပေါ် အင်အားသုံး ဖြိုခွင်းမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်၊ ဖေဖော်ဝါရီ ၂၈ ရက်က နိုင်ငံအနှံ့ နေရာများစွာတို့တွင် ရဲနှင့် စစ်တပ် အင်အားစုများမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို လူသေစေလောက်သော အင်အားကို လည်းကောင်း၊ လူသေဆုံးမှု ဖြစ်စေနိုင်ခြင်းမရှိသည့် အင်အားကို လည်းကောင်း အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ လက်ခံရရှိသော ခိုင်လုံသော သတင်းအချက်အလက်များအရ အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်းမှာ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနှင့် ပခုက္ကူမြို့များတွင် ကျည်ဆန်အစစ်များ အသုံးပြုကာ လူအုပ်များအတွင်းသို့ ပစ်ခတ်ခဲ့သောကြောင့် ဖြစ်ကြောင်း၊ နေရာအနှံ့တွင် အသံမြည်ဗုံးနှင့် မီးဗုံးများအပြင် မျက်ရည်ယိုဗုံးများကိုလည်း အသုံးပြုခဲ့သည်ဟု သိရကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်၍ မြန်မာပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ဒီမိုကရေစီကို ပြန်လည်ထူထောင်ရေး တောင်းဆိုပိုင်ခွင့် ရှိကြောင်း၊ အကြမ်းဖက်သွေးထွက်သံယို ဖိနှိပ်မှုမပြုလုပ်ဘဲ အဆိုပါ အခြေခံရပိုင်ခွင့်များကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က လေးစားရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများအရ အကြမ်းမဖက်သော ဆန္ဒပြသူများအပေါ် သေစေနိုင်သော အင်အားအသုံးပြုမှုမှာ လုံးဝမလျော်ကန်ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များသည် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ သတင်းစာ ဆရာများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ဖမ်းဆီးခြင်းဖြင့် အတိုက်အခံများနှင့် ဆန္ဒပြသူများ၏ အသံများကို ပိုမို ပစ်မှတ်ထားလာကြောင်း၊ ယနေ့ တစ်ရက်တည်းတွင်ပင် ရဲတပ်ဖွဲ့မှ ဆေးဘက်ဆိုင်ရာ ပညာရှင်နှင့် ကျောင်းသားကျောင်းသူ အနည်းဆုံး ၈၅ ဦးနှင့် သတင်းစာဆရာ ခုနစ်ဦးတို့ကို ဆန္ဒပြပွဲတွင် ပါရှိနေသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၁၀၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ယခု စာရင်းတွင် မပါဝင်ဘဲ ကျန်ရှိနေသူအချို့လည်း ရှိကြောင်း၊ ၎င်းတို့အများစုမှာ တရားဥပဒေနှင့်အညီ မှန်ကန်သော လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်မှုမရှိဘဲ ၎င်းတို့၏ လူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ တွေးခေါ်ယူဆခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ကို ကျင့်သုံးရုံဖြင့် ဖမ်းဆီးထိန်းသိမ်းခံကြရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက် ခံထားရသော အစိုးရအဖွဲ့ဝင်များ အပါအဝင် ထိန်းသိမ်းခံထားရသူ အားလုံးကို အမြန်ဆုံးလွှတ်ပေးရန် ကျွန်ုပ်တို့ ထပ်လောင်း တောင်းဆိုကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဆန္ဒပြသူများနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆောင်ရွက်နေသူများ အားလုံးနှင့် တစ်သားတည်းအတူ ရပ်တည်ရမည် ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။


READ NEXT
Cancel OK