Top News

သီရိလင်္ကာသမ္မတ၏ နုတ်ထွက်မှုကို လက်ခံခဲ့ဟု လွှတ်တော်ဥက္ကဋ္ဌ ပြောကြား ဇူလိုင် ၂၀ ရက်တွင် သမ္မတသစ် ရွေးကောက်မည်ဟု ကြေညာ
24htopnews | November 24, 2024 9:12 AM CST

သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ပြီးနောက် စင်ကာပူကို ရောက်ရှိချိန်တွင် ရာထူးမှနုတ်ထွက်ကြောင်း အကြောင်းကြားခဲ့သည်ဟု သီရိလင်္ကာ လွှတ်တော်ဥက္ကဌက ပြောကြားခဲ့ပြီး  သမ္မတ၏ နုတ်ထွက်မှုကို လက်ခံခဲ့သည်ဟု ဇူလိုင် ၁၅ ရက်တွင် ကြေညာခဲ့သည်။

ယင်းတရားဝင်ကြေညာချက်ကြောင့် တစ်ချိန်က တမီလ်သူပုန်များကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့် The Terminator ဟု လူ သိများခဲ့သည့် ရာဂျာပက်ဆာသည် သမ္မတကို အုပ်ချုပ်ရေးအာဏာပေးအပ်ခဲ့သည့် ၁၉၇၈ ခုနှစ်နောက်ပိုင်း ရာထူးမှနုတ်ထွက်သည့် ပထမဆုံးနိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ရာဂျာပက်ဆာသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ၎င်း၏အိမ်တော်ကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းခဲ့ချိန်တွင် မော်လ်ဒိုက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် စင်ကာပူသို့ လေယာဉ်ဖြင့်သွားရောက်ခဲ့ကာ ၎င်း၏ နုတ်ထွက်စာကို စင်ကာပူမှတစ်ဆင့် အီးမေးလ်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၄ ရက်မှစပြီး ဂိုတာဘာယာသည် တရားဝင်နုတ်ထွက်ခဲ့ပြီးဖြစ်သည်ဟု လွှတ်တော်ဥက္ကဌ မာဟင်ဒါ ယာပါအဘီဝါဒါနာက သတင်းထောက်များကို ပြောကြားခဲ့ပြီး နုတ်ထွက်မှုကို လက်ခံခဲ့သည်ဟု ဆိုသည်။

သီရိလင်္ကာ၏ဖွဲ့စည်းပုံအခြေခံဥပဒေ အရရာဂျာပက်ဆာ၏ လက်ကျန်သက်တမ်းအတွက် အစားထိုးတာဝန်ထမ်းဆောင်ရမည့် သမ္မတသစ်တစ်ဦးကို မရွေးချယ်မီအချိန်အထိ ဝန်ကြီးချုပ် ရာနေး ဝစ်ကရီဆင်းဟီသည်  ယာယီသမ္မတအဖြစ် တာဝန်ယူရမည်ဖြစ်ပြီး သူသည် ဇူလိုင် ၁၅ တွင် ယယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဆန္ဒပြသူများကမူ ဝစ်ကရီ ဆင်းဟီကိုပါ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေကြသည်။

ဇူလိုင် ၂၀ ရက်တွင်လွှတ်တော်၌ သမ္မတသစ်တစ်ဦးကို  ရွေးကောက်သွားမည်ဟု အဘီဝါဒါနာ၏ ရုံးကကြေညာခဲ့သည်။

သီရိလင်္ကာတွင် အစားအစာ၊ ဆေးဝါးနှင့် လောင်စာများ ပြတ်လပ်မှုကြောင့် မကြာသေးမီနှစ်များအတွင်းက ဖွံ့ဖြိုးတိုးတက်ခဲ့သည့် သီရိလင်္ကာသည် စီးပွားရေးချွတ်ခြုံကျခဲ့ပြီး အခြေခံလူတန်းစားများသည် စားဝတ်နေရေးကျပ်တည်းလာခဲ့ကာ လူထုအကြား မကျေနပ်ချက်များမြင့်တက်လာခဲ့ပြီး ဆန္ဒပြမှုများ လနှင့်ချီဖြစ်ပွားခဲ့ပြီးနောက် ရာဂျာပက်ဆာက ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ကာဖျူးထုတ်ပြန်မှုကို ဇူလိုင် ၁၄ ရက် နံနက်အရုဏ်တက်ချိန်တွင် ရုပ်သိမ်းခဲ့သော်လည်း လွှတ်တော်အဆောက်အအုံ အပြင်ဘက်၌ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ် ရာရခဲ့ပြီး လွှတ်တော်ကို စီးနင်းဝင်ရောက်မည့် ဆန္ဒပြသူများ၏ အကြံအစည် မအောင်မြင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

တောင်အာရှ နိုင်ငံတစ်ခုဖြစ်သည့် သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ နိုင်ငံခြားငွေကြေး ပြတ်လပ်နေသည့် အတွက် ယမန်နှစ် နှောင်းပိုင်းမှစ၍ စားသောက်ကုန်၊ လောင်စာဆီနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ် လိုအပ်သော သွင်းကုန်များကို တင်သွင်းနိုင်ခြင်း မရှိတော့သဖြင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ ကြီးမားသော အခက်အခဲများကို ရင်ဆိုင်နေကြရသည်။


READ NEXT
Cancel OK