ဂျပန်တွင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံခဲ့ရပြီးနောက် တောင်ကိုရီးယားတွင် အမေရိကန်သံအမတ်အပါအဝင် ထိပ်သီးခေါင်းဆောင်များ၏ လုံခြုံရေးကို တိုးမြှင့်ခဲ့ကြောင်း အရာရှိများက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အသစ်ခန့်အပ်ခံခဲ့ရသည့် ဖီးလစ်ဂိုးလ်ဘာ့ချ်သည် ပြီးခဲ့သည့်သီတင်းပတ်ကုန်က တောင်ကိုရီးယားသို့ရောက်ရှိခဲ့ချိန်တွင် ဆန္ဒပြသူအနည်းငယ်သည် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး အမေရိကန်သည် လိင်တူစုံမက်သည့် ယဉ်ကျေးမှုကို ချဲ့ထွင်နေကြောင်း စွပ်စွဲခဲ့သည်။
တောင်ကိုရီယား သမ္မတယွန်းဆက်ယို၏ လုံခြုံရေးစီမံချက်များကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပြီး အမျိုးသားရဲတပ်ဖွဲ့ အေဂျင်စီကလည်း ထိပ်သီးခေါင်းဆောင်များကို အနီးကပ်စောင့်ကြပ်မှုကို ပိုမိုတိုးမြှင့်ရန် ဒေသဆိုင်ရာရဲဌာနများကို အမိန့်ထုတ်ပြန်ခဲ့သည်ဟု သမ္မတဆိုင်ရာ လုံခြုံရေးဌာနက ပြောကြားခဲ့သည်။
“အာဘေးလုပ်ကြံခံခဲ့ရပြီးနောက် သမ္မတရဲ့ လုံခြုံရေးစနစ်ကို ကျွန်တော်တို့ပြန်လည်သုံးသပ်နေပါတယ်။ ပြီးတော့ကျွန်တော်တို့ရဲ့ လုံခြုံရေးအခြေအနေကို ပိုမိုတိုးမြှင့်ဖို့လိုအပ်တဲ့ စီမံချက်တွေကို လုပ်ဆောင်သွားမှာပါ” ဟု သမ္မတဆိုင်ရာလုံခြုံရေးဌာနမှ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ဂျပန်၏ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်သည့် ရှင်ဇိုအာဘေးသည် ဇူလိုင် ၈ ရက်က နိုင်ငံအနောက်ပိုင်း နာရာမြို့တွင် မဲဆွယ်စည်းရုံးနေစဉ် လက်လုပ်သေနတ်ကိုင်ထားသော သံသယရှိသူအမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကို ခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့သည်။
သေနတ်နှင့်ပတ်သက်သည့် ရာဇဝတ်မှုများနှင့် နိုင်ငံရေးအကြမ်းဖက်မှုများ မရှိသလောက်ရှားပါးခဲ့သည့် ဂျပန်တွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ကမ္ဘာကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
တောင်ကိုရီးယားရဲတပ်ဖွဲ့သည် ဇူလိုင် ၁၆ ရက်တွင်ပြုလုပ်မည့် လိင်တူစုံမက်သူများ၏ ပွဲတော်အတွက် လုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်နေသည်။ ယင်းအခမ်းအနားကို အမေရိကန်သံအမတ် ဂိုးလ်ဘာ့ချ်နှင့် အခြားသံတမန်များလည်း တက်ရောက်ရန် စီစဉ်ထားကြသည်။
“အဲဒီအခမ်းအနားလုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ ဆန့်ကျင်တဲ့အုပ်စုတွေဟာ စုရုံးဆန္ဒပြမှုတွေ ပြုလုပ်လာနိုင်တာကြောင့် ကျွန်တော်တို့ဟာ လုံခြုံရေးကို တင်းကျပ်ဖို့ စီစဉ်နေပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
လိင်တူစုံမက်မှုသည် တောင်ကိုရီးယားတွင် တရားမဝင်အဖြစ် သတ်မှတ်ထားခြင်းမရှိဘဲ လိင်တူစုံမက်မှုကို လူထု၏ လက်ခံနိုင်မှုမှာ မြင့်တက်လာခဲ့သည်။
သို့သော်လည်း လိင်တူချစ်သူအများစုသည် အမုန်းတရားကိုအခြေခံသည့် ရာဇဝတ်မှုများကို ခံစားနေရဆဲဖြစ်ပြီး အလုပ်အကိုင်ဆုံးရှုံးမှုနှင့် အမုန်းစကားအပါအဝင် ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်ဟု အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် အမေရိကန်သံအမတ်များအတွက် လုံခြုံရေးသည် အငြင်းပွားဖွယ် ရင်းမြစ်တစ်ခုဖြစ်ခဲ့သည်။
၂၀၁၅ ခုနှစ်က တောင်ကိုရီးယားအမျိုးသားတစ်ဦးသည် တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ် မာ့ခ်လစ်ပတ်၏ မျက်နှာကို ဓားဖြင့်တိုက်ခိုက်ခဲ့သဖြင့် ယင်းသံအမတ်သည် မျက်နှာတွင် ဒဏ်ရာအကြီးအကျယ် ရသွားခဲ့ကာ အချက်ပေါင်း ၈၀ ခန့်ချုပ်ခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင်လည်း ဆန္ဒပြသူ ၂၀ ခန့်သည် အမေရိကန်သံအမတ်၏နေအိမ်တည်ရှိသည့် ခြံဝန်းနံရံကို ကျော်တက်ခဲ့သဖြင့် ရဲတပ်ဖွဲ့က သံအမတ်၏ခြံဝန်းတွင် လုံခြုံရေးတိုးမြှင့်ချထားခဲ့သည်။
-
အမေရိကန်တွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေချိန် ကာကွယ်ဆေးများသည် အဓိကနေရာမှ ရပ်တည်နေဟု ကျန်းမာရေးတာဝန်ရှိသူများ ပြောကြား
-
COVID-19 ကပ်ရောဂါသည် ပြီးဆုံးရန် အလှမ်းကွာဝေးနေသေးဟု WHO သတိပေး
-
အီရန်၏ တိုက်ပွဲဝင်ဒရုန်းများကို ရယူလိုသည့် ရုရှား၏ အစီအစဉ်သည် ယူကရိန်းစစ်ပွဲတွင် ရုရှား၏ဆုံးရှုံးမှုများကို ပြသရာရောက်နေသည်ဟု အမေရိကန် ပြောကြား
-
ပြည်ပနိုင်ငံများတွင် အာဏာသိမ်းမှုများကို အစီအစဉ်အရ ကူညီပေးခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်းက ဝန်ခံ
-
အစိုးရအဆောက်အအုံများအား စီးနင်းသိမ်းပိုက်ထားမှုကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း သီရိလင်္ကာ ဆန္ဒပြသူများ ပြောကြား