ပုဇွန်တောင်ချောင်း (ငမိုးရိပ်)၊ ရန်ကုန်မြစ်၊ စျေးအဆင့်မြှင့်တင်ခြင်း၊ အပန်းဖြေနေရာများ ဆောင်ရွက်ရန် ပြည်ပချေးငွေ ရယူဆောင်ရွက်ခြင်းသည် မသင့်လျော်ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင်က နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ချေးငွေ ယူရိုသန်း ၇၀ ရယူမှုနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောကြားသည်။
အဆိုပါ စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လာရောက် တင်ပြထားခြင်း ဖြစ်သည်။
“အခုချေးမယ့် ပိုက်ဆံက ယူရိုသန်း ၇၀ ဆိုတဲ့ အခါကျတော့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ပါတယ်။ အဲဒီ သန်း ၁၀၀ ချေးတဲ့အခါမှာ အခုလုပ်မယ့် ကိစ္စတွေက ရန်ကုန်မြို့မှာ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စလား၊ ဖြည်းဖြည်းမှ ဆောင်ရွက်ရင်ရတဲ့ ကိစ္စလားဆိုတာကို အရင်ဆုံး အဓိကနဲ့ သာမည ခွဲခြားဖို့လိုတယ်လို့ အကြံပြုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့တော်ကြီးဟာ မြို့တော်အင်္ဂါနဲ့ မညီမညွတ် ဖြစ်နေတဲ့ကိစ္စထဲ ဘာပါလဲဆိုတော့ ညအခါ လမ်းမီးတွေမရှိဘဲ မှောင်ကျနေတဲ့ကိစ္စ ဖြစ်ပါတယ်။ လမ်းတွေ မကောင်းပါဘူး။ မြောင်းတွေ မကောင်းပါဘူး။ ရေစီးရေလာ မကောင်းပါဘူး။ ဒီကုန်းပေါ်က ကိစ္စတွေကို ဒီနေ့အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မဖြေရှင်းနိုင်သေးပါဘူး။ ဒါပေမဲ့ ရေထဲက ကိစ္စတွေကို သွားလုပ်မယ်ဆိုတဲ့ အခါကျတော့ အဲဒီပုဇွန်တောင်ချောင်းဟာ ရန်ကုန်မြို့မှာ အရေးပါတဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးတွေ မလုပ်ပါဘူး။ အဓိကအားဖြင့် သဲသမ္ဗာန်တို့၊ ကျောက်စရစ်သမ္ဗာန်တို့ သွားတဲ့နေရာ၊ သင်္ဘောအသေးလေးတွေပဲ သွားတဲ့နေရာပါ။ သင်္ဘောကြီးတွေ သွားတဲ့နေရာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီမှာဘာပြောချင်လဲ ဆိုတော့ ဒီမှာလုပ်မယ့်ကိစ္စထဲမှာ ပုဇွွန်တောင်စျေး အဆင့်မြှင့်တင်ခြင်း ပါပါတယ်။ ပုဇွန်တောင်စျေး အဆင့်မြှင့်တဲ့ကိစ္စက နိုင်ငံခြားက ငွေချေးဖို့ မလိုပါဘူး။ အဆင့်မြှင့်တင်မယ်ဆိုရင် BOT ခေါ်လိုက်ပါ။ လုပ်ချင်တဲ့သူတွေ အများကြီးပါ။ လုပ်နိုင်တဲ့ ကုမ္ပဏီတွေ အများကြီးပါ။ အဲဒီတော့ မခေါ်ဘဲနဲ့ နိုင်ငံခြားက ငွေချေးမယ်ဆိုရင် နိုင်ငံခြားကငွေက တစ်ချိန်မှာ ပြန်ဆပ်ရမှာပါ။ အဲဒီထက်ဆိုးတာက ပန်းခြံများ အဆင့်မြှင့်တင်ခြင်းနဲ့ တိုးချဲ့ခြင်း။ ဆိပ်ကမ်းသာပန်းခြံကို တိုးချဲ့မယ်။ ကြည့်မြင်တိုင်ပန်းခြံကို အဆင့်မြှင့်တင်မယ်။ အဲဒီပန်းခြံကို အဆင့်မြှင့်တင်ဖို့အတွက် နိုင်ငံခြားငွေ လိုသလား။ နိုင်ငံခြားငွေက ကျွန်တော်တို့နိုင်ငံအတွက် ကြွေးမြီပါ။ ပြန်ဆပ်ရမှာပါ။ အဲဒီတော့ ဒီဥစ္စာတွေကို ကိုယ့်ငွေနဲ့ကိုယ် လုပ်နိုင်တယ်လို့ ယူဆပါတယ်။ အဲဒါကို နိုင်ငံခြားငွေ ချေးတယ်ဆိုတာက သိပ်ပြီးတော့ မသင့်လျော်ဘူးလို့ ထင်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ထို့အတူ ၂၀၁၇ ခုနှစ် မေလပိုင်းတွင် ကမ္ဘာ့ဘဏ်မှ ရန်ကုန်မြို့ Down Town ဧရိယာ ခြောက်မြို့နယ်ကို ရေကြီးရေလျှံ မဖြစ်အောင်၊ ရေစီးရေလာ ကောင်းမွန်အောင် ဒေါ်လာ ၁၀၄ သန်း ချေးခဲ့သည်ကို တွေ့ရကြောင်း၊ သို့သော် မိမိတို့သည်လည်း ရန်ကုန်မြို့တွင် ဖြတ်သန်း သွားလာနေသူများ ဖြစ်သည့်အတွက် သိသိသာသာ ကောင်းမွန်လာသည်ကို မတွေ့ရသဖြင့် မည်သို့ ဖြစ်သွားသည်ကို မေးချင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဒီနေရာမှာ တစ်ချက် အကြံပြုလိုတာကတော့ နိုင်ငံတော်က ပိုက်ဆံချေးချင်တယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကြီးက တင်ပြပြီးတော့ ချေးပါတယ်။ ပြည်ထောင်စုလွှတ်တော်ကနေ ခွင့်ပြုလိုက်ပြီဆိုရင် ပိုက်ဆံချေးတယ်။ သူတို့ ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု လွှတ်တော်ကို တစ်စုံတစ်ရာ အစီရင်ခံစာ တင်ပြခြင်း မရှိတဲ့အတွက် ဘာဖြစ်သွားမှန်း ကျွန်တော်တို့ မသိရပါဘူး။ ဒါဟာ အင်မတန်မှ စဉ်းစားစရာကောင်းတဲ့ ကိစ္စတစ်ခုလို့ အကြံပြုလိုပါတယ်။ နောက်တစ်ခုက ငမိုးရိပ်ဘူတာရုံနဲ့ ငမိုးရိပ်မြစ်ကြောင်းနဲ့ ချိတ်မယ်။ ငမိုးရိပ်ချောင်းနားကို ဘူတာကို ရွှေ့မယ်။ ပြီးရင် ကားလမ်းရယ်၊ ရထားလမ်းရယ်၊ ငမိုးရိပ် သုံးခုပေါင်းတဲ့ နေရာပေါ့။ အခု ငမိုးရိပ်ဘူတာက သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ရှိပြီး လူတွေက အဲဒီကနေ ရထားစီးဖို့လည်း လွယ်တယ်။ ရထားကနေ ကားပြောင်းစီးဖို့လည်း လွယ်တယ်။ အဲဒါကို ငမိုးရိပ်ချောင်းနားကို ရွေ့မယ်ဆိုရင် လူတွေအတွက် အခက်အခဲပဲ ထပ်ဖြစ်မယ်။ ဒါကို စဉ်းစားဖို့ လိုတယ်။ အဲဒီတော့ ငွေတော့ ချေးတယ်။ ချေးတဲ့ငွေဟာ တိုင်းပြည်အတွက် အကျိုးရှိဖို့ ရန်ကုန်မြို့တော်အတွက် အကျိုးရှိဖို့ လိုပါတယ်။ အခုစီမံကိန်းက လုပ်ငန်းသေးသေးလေးတွေ ကိုယ့်နိုင်ငံကငွေနဲ့ လုပ်နိုင်တဲ့ လုပ်ငန်းလေးတွေကို ပြည်ပ တိုင်းပြည်တစ်ခုက ပိုက်ဆံချေးပြီး လုပ်တဲ့အတွက် ကျွန်တော်တို့ ကြွေးမြီဝန် ပိလာပါလိမ့်မယ်” ဟု ဒေါက်တာ ခင်မောင်မောင်က ပြောကြားသည်။
ဂန့်ဂေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်ဆုံရာ ဒေသများတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြစ်ချောင်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကမ်းပြို ကာကွယ်ခြင်း၊ သောင်ခုံ တူးဖော်ခြင်းများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်မှ ကျပ် ၈ ဒသမ ၅ ဘီလျံ၊၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ် ၆၄ ဘီလျံ သုံးစွဲမည်ဟု သိရှိရကြောင်း၊ ချေးငွေ အနေဖြင့်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဧရာဝတီမြစ် ဘက်စုံဖွံ့ဖြိုးရေးအတွက် World Bank ထံ မှ ဒေါ်လာသန်း ၁၀၀၊ ကိုရီးယားချေးငွေဖြင့် တွံတေးတူးမြောင်း တူးဖော်ရန်အတွက် ကျပ် ၂ ဒသမ ၅ ဘီလျံနီးပါး သုံးစွဲမည်ဟု သိရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့်လည်း သုံးစွဲလျက်ရှိကြောင်း၊ ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်အပြင် ပြည်ထောင်စု ဘတ်ဂျက်၊ ချေးငွေများဖြင့် သုံးစွဲခြင်းများ တွံတေးတူးမြောင်း၏ နှစ်စဉ် ပြုပြင်စရိတ် ကုန်ကျမှုများအပြင် ယခု ပြင်သစ်ချေးငွေဖြင့်ပါ သုံးစွဲမည်ဟု သိရသည့်အတွက် စနစ်တကျသုံးစွဲမှု ဟုတ်၊ မဟုတ်ကို လေ့လာ သုံးသပ်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့ပြင် ယခုချေးငွေသည် ရန်ကုန်မြို့တော်စည်ပင်မှ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် ပန်းခြံ၊ ကားပါကင်၊ စျေး အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး ပန်းခြံ၊ အပန်းဖြေနေရာများအား မလုပ်သင့်သည့် အလုပ်ဟု ပြောလိုခြင်း မဟုတ်သော်လည်း ယင်းလုပ်ငန်းများထက် အရေးကြီးသည့်လုပ်ငန်းများ ရှိသည်ကို ကိုယ်စားလှယ်ကြီးများ အသိပင် ဖြစ်ကြောင်း၊ စည်ပင်ဌာနသည် မိမိ အခွန်ရငွေများဖြင့် ရပ်တည်ရသည့် အဖွဲ့ဖြစ်ကြောင်း၊ ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များ၏ ဘီးခွန်ရရှိမှုသည်ပင် ယခင်ထက် များစွာပိုမိုရရှိနေကြောင်း ဒေါ်ယဉ်မင်းလှိုင်က ဆွေးနွေးခဲ့သည်။
ဒေါ်ယဉ်မင်းလှိုင်က”ထုံးစံအတိုင်းပါပဲ။ ပြည်ထောင်စု လွှတ်တော်ကို လာတင်တယ်ဆိုရင် ကိုယ်စားလှယ်တွေ အမြဲထောက်ပြ ပြောနေတဲ့ အသေးစိတ်အချက်အလက် တင်ပြထားတာ မတွေ့ရပါဘူး။ စျေး အဆင့်မြှင့်တင်ဖို့ ဘယ်လောက်၊ ရေကြောင်းအတွက် ဘယ်လို၊ ယာဉ်ရပ်နားစခန်းအတွက် ဘယ်မျှဆိုတဲ့ အချက်အလက်တွေကို ဖြေကြားပေးမှသာ လွှတ်တော်ကြီးက ထိန်းကျောင်း ထောက်ပြနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဝင်ငွေရရှိမှု၊ သုံးစွဲမှုတွေ အကြမ်းဖျင်း ပါသင့်ပါတယ်။ ဒါမှလည်း ပိုမို ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့တော် စည်ပင်အတွက် စီမံကိန်းလုပ်ငန်း သုံးခုအတွက် စုစုပေါင်း ဒေါ်လာ ၅၆၄ ဒသမ ၆၆ သန်းခန့် ရှိနေပြီလို့ သိရပါတယ်။ ယခုချေးငွေနဲ့ ဆိုရင် ဒေါ်လာ သန်း ၇၀၀ နီးပါး ရှိသွားမှာဖြစ်လို့ ၎င်းတို့ဘာသာ ပြန်ဆပ်မယ် ဆိုပေမယ့် နိုင်ငံတော်က အာမခံပေးရတယ် ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ပြည်ပချေးငွေ ရရှိတယ်ဆိုတာ မိမိတို့ တိုင်းပြည်အပေါ် ယုံကြည်မှုရှိတာဖြစ်လို့ ကျေးဇူးတင်ဖွယ် ဖြစ်ပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ များလှတဲ့ ကျွန်မတို့နိုင်ငံမှာ အခြေခံလိုအပ်ချက်၊ မရှိမဖြစ် လိုအပ်ချက်၊ အဓိက လိုအပ်ချက်တွေကိုသာ ရရှိတဲ့ချေးငွေတွေ အသုံးပြုပြီး အကျိုးရှိအောင် ဆောင်ရွက်သင့်ပါတယ်။ ရန်ကုန်မြို့တော်ကြီးကို အဆင့်မြှင့်တင်လိုပါက ဌာနပေါင်းစုံ၊ ပညာရှင်ပေါင်းစုံနဲ့ ချိတ်ဆက်ပြီး စနစ်တကျ မဟာဗျူဟာကျကျ ဆောင်ရွက်သင့်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။
အဆိုပါချေးငွေနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်မှ ပြန်လည် ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများကို ပြုလုပ်ရန် လျာထားသည်။
-
လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် NUG နှင့် RCSS အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမ သဘောတူစာချုပ်မှာ အတုအယောင်ဖြစ်ပြီး သတင်းအမှားသာဖြစ်ဟု RCSS ထုတ်ပြန်
-
တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့ အကြောင်းအမျိုးမျိုးပြ၍ NCA သဘောတူညီချက်များ ချိုးဖောက်မှုများရှိသော်လည်း နိုင်ငံသားရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြာ
-
အရေးပေါ်အခြေအနေကြေညာထားမှုကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ကရင်ဒေသကိုအခြေပြု၍ စစ်ရေးလှုပ်ရှားခြင်းမပြုလုပ်ရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံစာ ထွက်ပေါ်
-
မြန်မာ့အရေးဖြေရှင်းမည့် အာဆီယံအထူးသံတမန်ကို အပြည့်အဝထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဥပဒေအား မည်မျှကျော်လွန် ချိုးဖောက်ထားသည် ဆိုသည့်အပေါ်မူတည်ပြီး ပါတီများ၏အနာဂတ်ကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ပြောကြား