ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွင် နိုဝင်ဘာ ၁၉ ရက် ညနေက ပဋိပက္ခဖြစ်ပွားပြီး ရေးမဆေးကျောက် ရှာဖွေသူတစ်ဦး သေနတ်မှန် သေဆုံးသဖြင့် ရေမဆေးကျောက် ရှာဖွေသူများက ရဲများ တင်ဆောင်လာသည့် ယာဉ်နှစ်စီးနှင့် ကုမ္ပဏီ၏ နှစ်ထပ်အဆောင် နှစ်ခုကို မီးရှို့ခဲ့ကြောင်း ဖားကန့်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု နန့်မှော်ကျေးရွာရှိ ရတနာစန်းရွှင် (ခ) ကျောက်စိမ်း သစ်ရွက်ကုမ္ပဏီတွင် နိုဝင်ဘာ ၁၉ ရက် ညနေ သုံးနာရီခွဲခန့်က ကုမ္ပဏီအတွင်း ကျောက်စိမ်းရှာဖွေရန် ရောက်ရှိလာသူများနှင့် လုံခြုံရေးအဖွဲ့အကြား အချင်းများခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူတစ်ဦး သေနတ်ကျည် ထိမှန်ကာ သေဆုံးခဲ့ပြီးနောက် အခြားရေမဆေးကျောက် ရှာဖွေသူများက ဒေါသထွက်ကာ ယာဉ်နှစ်စီးနှင့် ကုမ္ပဏီအဆောင်နှစ်ခုကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိပ်မူကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးက “ဖြစ်တာက ညနေ ၃ နာရီခွဲလောက်ပေါ့။ လုပ်ကွက်ထဲမှာ ဖြစ်တာ။ ရေမဆေးသမားနဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ ဖြစ်တာ။ လုံခြုံရေးက ရဲရော၊ တပ်ရော ရှိနေတယ်ဗျ။ သေနတ်က ညာဘက်ပခုံး လည်ပင်းနားကို မှန်တာ။ ဖားကန့်ဆေးရုံ ခေါ်သွားတယ်။ မီးရှို့တာက လေးနာရီကျော်လောက်မှာပေါ့။ ကုမ္ပဏီက နှစ်ထပ်ဆောင်ကို ရှို့လိုက်ကြတာ။ ရေမဆေးသမားတွေကလည်း လူပေါင်း ရာချီနေတာကို။ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ဝှေခါမှာ ပစ်ခတ်လိုက်တော့ တစ်ယောက်သေတယ်”ဟု ပြောကြားသည်။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက “ဖြစ်တာက အရင်က ရတနာစန်းရွှင်ကုမ္ပဏီ ခေါ်တယ်။ အခုက ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ ခေါ်တဲ့ လုပ်ကွက်မှာ ဖြစ်တာ။ မော်လကင် ရဲတပ်ရင်း ၃၀ ရှေ့မှာ ဖြစ်တာပါ။ ကုမ္ပဏီတွေက ညနေ ၄ နာရီကနေ ၆ နာရီ၊ မနက် ၄ နာရီကနေ ၆ နာရီအထိ ရှာခွင့်ပေးထားတယ်။ အချိန်မရောက်ခင် ဝင်ရှာတော့ ပြဿနာဖြစ်တာပေါ့။ လူငယ်တစ်ဦး သေနတ်မှန် သေတယ်။ အဲဒီကနေ အုံကြွမှုဖြစ်တာ။ အခုဖြစ်တာ ကုမ္ပဏီနဲ့က တစ်မိုင်ဝန်းကျင်လောက် ဝေးသေးတယ်။ ကုမ္ပဏီက အဆောင်နှစ်ခု မီးရှို့ခံရတယ်။ ညနေ လေးနာရီကျော်မှာ မီးရှို့ပြီး ငါးနာရီလောက်မှာ ငြိမ်းသွားတယ်။ ရဲတွေ စီးလာတဲ့ ကားနှစ်စီးမှာ Vivo ကားကို မီးရှို့တယ်။ ပါကျဲရို ကားကိုတော့ မှန်တွေ ရိုက်ခွဲတာတွေ ဖြစ်တာပေါ့။ အဲဒါတွေဖြစ်ပြီး ကုမ္ပဏီအလုပ်သမားဆောင်ကို မီးရှို့တာပေါ့။ မီးသတ်ကားတွေ သွားတော့လည်း ကျောက်ခဲတွေ ဘာတွေနဲ့ ထုလွှတ်တာမျိုးတွေ ရှိတာပေါ့။ အခုတော့ လူစုကွဲသွားပါပြီ”ဟု ပြောကြားသည်။
အစိုးရဌာနသို့ ရောက်ရှိခဲ့သည့် မှတ်တမ်းများအရ နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် အချိန်မပြည့်မီ ကျောက်စိမ်းရှာဖွေရန် ကြိုးစားသူများကို လုံခြုံရေး အစောင့်ကျသည့် တပ်သားတစ်ဦးမှ သတိပေး ပစ်ခတ်ရာမှ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဝဏ်ချောင်းကျေးရွာနေ ၂၅ နှစ်အရွယ် မောင်အေးချမ်း (ခ) အေးသန်းမှာ သေနတ်ကျည်ဆန် ထိမှန်ကာ သေဆုံးခဲ့ကြောင်း မှတ်တမ်းအရ သိရသည်။
ယင်းသို့ ဖြစ်ပွားခဲ့ရာ မကျေနပ်သည့် ကျောက်ရှာဖွေသူများက အခင်းဖြစ်ရာနေရာ နှင့် တစ်မိုင်ခန့်အကွာရှိ ကုမ္ပဏီပိုင်ဝပ်ရှော့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၁၂ ခန်းတွဲ နှစ်ထပ်ဆောင် တစ်ခု၊ ၁၂ ခန်းတွဲ တစ်ထပ်ဆောင် တစ်ခု၊ သွပ်မိုး ဝပ်လျှော့ တစ်ခု၊ Volvo ဘက်ဟိုးယာဉ် ငါးစီး၊ မြေသယ်ယာဉ် တစ်စီး၊ ပါဂျဲရိုးယာဉ် နှစ်စီး၊ ဟိုင်းလပ်ယာဉ် နှစ်စီး မီးလောင်ခဲ့ကာ ကာလတန်ဖိုး ကျပ်သိန်း ၃၈၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖားကန့်တွင် ရေမဆေးကျောက်စိမ်း ရှာဖွေသူများနှင့် လုံခြုံရေးတပ်ဖွဲ့တို့ မကြာခဏ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူများ၊ ရဲတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
-
လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် NUG နှင့် RCSS အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမ သဘောတူစာချုပ်မှာ အတုအယောင်ဖြစ်ပြီး သတင်းအမှားသာဖြစ်ဟု RCSS ထုတ်ပြန်
-
တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့ အကြောင်းအမျိုးမျိုးပြ၍ NCA သဘောတူညီချက်များ ချိုးဖောက်မှုများရှိသော်လည်း နိုင်ငံသားရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြာ
-
အရေးပေါ်အခြေအနေကြေညာထားမှုကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ကရင်ဒေသကိုအခြေပြု၍ စစ်ရေးလှုပ်ရှားခြင်းမပြုလုပ်ရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံစာ ထွက်ပေါ်
-
မြန်မာ့အရေးဖြေရှင်းမည့် အာဆီယံအထူးသံတမန်ကို အပြည့်အဝထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဥပဒေအား မည်မျှကျော်လွန် ချိုးဖောက်ထားသည် ဆိုသည့်အပေါ်မူတည်ပြီး ပါတီများ၏အနာဂတ်ကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ပြောကြား