Top News

သတ္တုနှင့် သယံဇာတ အမြောက်အမြား ထုတ်ယူနေသော်လည်း စုစုပေါင်းအခွန်ငွေ၏ ၁၇ ရာခိုင်နှုန်းကျော်သာ ရှိသဖြင့် ယင်းရာခိုင်နှုန်းသည် ထိရှလွယ်သည့် နိုင်ငံများအောက်သို့ပင် ရောက်နေကြောင်း EITI အစီရင်ခံစာတွင် ဖော်ပြ
24htopnews | November 24, 2024 5:12 AM CST

သတ္တုနှင့် သယံဇာတ အမြောက်အမြား ထုတ်ယူနေသော်လည်း စုစုပေါင်းအခွန်ငွေ၏ ၁၇ ရာခိုင်နှုန်းကျော်သာ ရှိသဖြင့် ယင်းရာခိုင်နှုန်းသည် ထိရှလွယ်သည့် နိုင်ငံများ အောက်သို့ပင် ရောက်နေကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံတွင် မြောက်မြားစွာသော သတ္တုနှင့် သဘာဝသယံဇာတ အရင်းအမြစ်များရှိပြီး ယင်းတို့ကို အမြောက်အမြား ထုတ်ယူသုံးစွဲနေကြောင်း၊ သို့သော် အရင်းအမြစ်များမှ ရရှိသောအခွန်ငွေသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စုစုပေါင်း အခွန်ငွေ၏ ၁၇ ဒသမ ၈ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ ခန့်မှန်းချက်အရ ယင်းအခွန်ငွေသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး၏ လေးရာခိုင်နှုန်းရှိပြီး ယင်းပမာဏသည် ဒေသတွင်း ပျမ်းမျှ ရာခိုင်နှုန်းထက် အလွန်နိမ့်နေပြီး ထိရှိလွယ်သော နိုင်ငံများ၏ ပျမ်းမျှဖြစ်သော ၂၂ ရာခိုင်နှုန်းအောက်ပင် ရောက်လျက်ရှိကြောင်း  အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ တွင်းထွက် သယံဇာတများမှ အခွန်ငွေရရှိမှု အားနည်းနေရခြင်းမှာ ကုမ္ပဏီတစ်ခုသည် လုပ်ငန်း ၄၈ ခု လုပ်ကိုင်နိုင်သဖြင့် သယံဇာတမှ သီးသန့်ရရှိသည့် ဝင်ငွေကို ခွဲခြားရန် ခက်ခဲသဖြင့် သီးခြားအခွန်ဌာနတစ်ခု တည်ဆောက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ EITI အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

“ သယံဇာတက ဝင်တဲ့ဝင်ငွေတွေ ဘယ်လောက်လဲဆိုတာ ခွဲခြမ်းစိတ်ဖြာဖို့ အင်မတန် ခက်ပါတယ်။ ကုမ္ပဏီတစ်ခုဟာဆိုရင် လုပ်ငန်း ၄၈ ခု လုပ်လို့ရတာ ဖြစ်တဲ့အတွက် သွင်းတဲ့ငွေက ကုမ္ပဏီ နာမည်တစ်ခုတည်းနဲ့ သွင်းကြပါတယ်။ ဒါက သယံဇာတက ဝင်တဲ့ ဝင်ငွေလား ခွဲခြမ်းစိတ်ဖြာဖို့ အင်မတန် ခက်ပါတယ်။ ဒါကြောင့်မို့လို့ အခွန်ဌာနခွဲတစ်ခု တည်ဆောက်ပြီးတော့ သယံဇာတကဝင်တဲ့ ဝင်ငွေတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ စွမ်းဆောင်ရည်မြင့်တဲ့ အခွန်ဌာနတစ်ခု တည်ဆောက်ဖို့ လိုပါတယ်” ဟု ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

ထို့ပြင် သယံဇာတက ရရှိရန် အလားအလာရှိသော အခွန်ငွေများ ဆုံးရှုံးရသည့် အကြောင်းရင်းမှာ အချက်လေးချက်ရှိပြီး အဆိုပါ အချက်များမှာ ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ငွေများ စည်းကြပ်ကောက်ခံရာတွင် အားနည်းခြင်း၊ အခွန်ငွေ မူဝါဒများ၊ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းနှင့် အခွန်ငွေများ ကြိုတင်တွက်ချက် မှန်းဆခြင်းဆိုင်ရာ စွမ်းဆောင်ရည်များ အားနည်းခြင်း၊ လုပ်ငန်းစာချုပ်များကို စည်းကမ်းလိုက်နာ ဆောင်ရွက်မှုကို စောင့်ကြည့်ခြင်း၊ နိုင်ငံပိုင် စီးပွားရေး ထုတ်လုပ်မှု ပမာဏများ၊ ပြည်ပတင်ပို့မှုများနှင့် ကမ္ဘာ့စျေးနှုန်းများအား စစ်ဆေးမှု အားနည်းခြင်း၊ တူးဖော်ရေး လုပ်ငန်းများ စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုများ မြှင့်တင်ရန် အုပ်ချုပ်မှုပုံစံတစ်ရပ် ရှိမနေခြင်း၊ အခွန်ဌာနခွဲ တည်ထောင်ခြင်းနှင့် စွမ်းဆောင်ရည် ကောင်းမွန်အောင် တိုးမြှင့်ခြင်းတို့ဖြစ်ကြောင်း ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။

ထို့ပြင် အခွန်ပိုမိုရရှိရန် လုပ်ဆောင်သင့်သည့် အချက်များမှာ အခွန်စစ်ဆေးခြင်း၊ စွန့်စားမှုကို အခြေပြုသည့် အခွန်စာရင်းများ စစ်ဆေးခြင်း၊ အချက်အလက် ဖလှယ်ခြင်းနှင့် လွှဲပြောင်းစျေးနှုန်းများကို နယ်ပယ် လွှမ်းခြုံလေ့ကျင့်ခြင်းနှင့် ဆန်းစစ်ခြင်း၊ တူးဖော် ထုတ်လုပ်ရေးအခွန်ငွေများကို ကြီးကြပ်ရန်အတွက် ဆန်းစစ်ခြင်းနှင့် စာရင်းစစ်ဆေးခြင်း မဟာဗျူဟာတစ်ရပ် အပါအဝင် လုပ်ထုံးလုပ်နည်းများနှင့် စနစ်များ တည်ဆောက်ခြင်း၊ အချက်အလက် အခြေပြုစနစ်၊ သုတေသနပြုခြင်းနှင့် မူဝါဒဆိုင်ရာ အချက်အလက်များပြုစုခြင်းကို တာဝန်ယူဆောင်ရွက်ရန် သုတေသနအဖွဲ့တစ်ခု တည်ထောင်ခြင်းနှင့် အခွန်ကောက်ခံမှုစနစ်များ ဟန်ချက်ညီ ဆောင်ရွက်ခြင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများ ပေါင်းစည်းခြင်းတို့ကို ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါ်မိုးမိုးထွန်း ကပြောကြားသည်။


READ NEXT
Cancel OK