Top News

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၆၀၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး
24htopnews | November 24, 2024 5:12 AM CST

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း  မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကုဗပေသန်းပေါင်း ၆၆၀၀၀၀ ကျော်ရှိပြီး သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကုဗပေသန်း ၂၈၀၀၀ ကျော်အထိ လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ဝန်ကြီး ရုံး)၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်တွင် ကုဗပေသန်းပေါင်း ၄၃၇၇၂၉၊၂၀၁၀ -၂၀၁၁ ဘဏ္ဍာနှစ်တွင် ကုဗပေသန်းပေါင်း ၄၅၀၃၇၉၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုဗပေသန်းပေါင်း ၄၈၂၂၇၆၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုဗပေသန်းပေါင်း ၆၇၁၃၃၄ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း ၆၉၆၂၃၁၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း ၆၇၀၀၀၈နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၆၆၇၅၈၈ ထုတ်လုပ်ခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ တစ်နှစ်ထက် တစ်နှစ်လျော့ကျလာခဲ့ပြီး ကုဗပေသန်းပေါင်း ၂၈ဝဝဝကျော်အထိ လျော့ကျလာခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

“Demand Forecast  အရ အခု ၂၀၁၈ ခုနှစ်မှာ ၃၅၈၇ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်မှာ ၄၀၃၂ မဂ္ဂါဝပ်၊ ၂၀၂၀ ပြည့်နှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၁ ခုနှစ်မှာ ၅၀၉၂ မဂ္ဂါဝပ်၊ ၂၀၂၂ ခုနှစ်မှာ ၅၇၂၇ မဂ္ဂါဝပ်ထိ တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ မဂ္ဂါဝပ် ၃၀၀၀ ခန့်သာ ထုတ်လုပ်နိုင်တာကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်မတိုင်မီ မဂ္ဂါဝပ် ၃၀၀၀ ကျော်ထပ်မံထုတ်လုပ်ဖို့ လိုအပ်နေပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်း တိုးတက်နေပြီး ယင်းကဲ့သို့ တိုးတက်လာသည့် အတွက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်အထိ သုံးစွဲလာမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ၃၁၈၉ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီး ၁၃၄၂ မဂ္ဂါဝပ် ထပ်မံလို အပ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီအတွက် ၂၀၁၈ ခုနှစ်မှာ စက်ရုံသုံးရုံက ၄၃၉ မဂ္ဂါဝပ်၊၂၀၁၉ ခုနှစ်မှာ စက်ရုံ လေးရုံက ၇၅၀ မဂ္ဂါဝပ်၊ ၂၀၂၀ ပြည့်နှစ်မှာ စက်ရုံသုံးရုံက ၂၆၀ မဂ္ဂါဝပ်၊ ၂၀၂၁ ခုနှစ်မှာ

စက်ရုံငါးရုံက ၉၇၁ မဂ္ဂါဝပ် နဲ့ ၂၀၂၂ ခုနှစ်မှာ စက်ရုံငါးရုံက ၈၉၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး စီစဉ်ထားပါတယ်။ ဒီစက်ရုံတွေ ဓာတ်အားထုတ်လုပ်မှုမှာ ရေအားစက်ရုံတွေက (၁၅ ရာခိုင်နှုန်း)၊ HFO စက်ရုံတွေက (၁၈ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေက (၃၀ ရာခိုင်နှုန်း)၊ LNG စက်ရုံတွေက (၃၂ ရာခိုင် နှုန်း)၊Solar စက်ရုံတွေက ငါးရာခိုင်နှုန်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ဆက်လက်မြင့်မားလာပြီး အမြင့်ဆုံးစံချိန်သစ်အဖြစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ၃၅၈၅ မဂ္ဂါဝပ်အထိ ရောက်ရှိခဲ့ကာ ၂၀၁၇ ခုနှစ် အမြင့်ဆုံး အသုံးပြုမှုထက် ၃၉၆ မဂ္ဂါဝပ်မြင့်တက်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နေ့အလိုက်ထုတ်ပြန်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံတွင် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထိုင်းနိုင်ငံသို့လည်းကောင်း၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း မှ တရုတ်နိုင်ငံသို့လည်းကောင်း၊ ဇောတိကနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK