Top News

ဗဟိုဘဏ်က ပြည်တွင်းဘဏ်များ အာမခံပစ္စည်းရယူခြင်းမပြုဘဲ အမြင့်ဆုံးအတိုးနှုန်း ၁၆ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးခွင့်ပြုခဲ့ပြီး ဗဟိုဘဏ်အတိုးနှုန်း၊ အပ်ငွေအတိုးနှုန်းတို့ကို ပြောင်းလဲခြင်းမပြုဘဲ ယခင်အတိုင်း ဆက်လက်သတ်မှတ်
24htopnews | November 23, 2024 8:12 PM CST

နိုင်ငံတော်ဗဟိုဘဏ်က ဗဟိုဘဏ်အတိုးနှုန်း၊ အပ်ငွေအတိုးနှုန်းတို့ကို ပြောင်းလဲခြင်းမပြုဘဲ ယခင်အတိုင်း ဆက်လက်သတ်မှတ်ခဲ့ပြီး ပြည်တွင်းဘဏ်များ အာမခံပစ္စည်း ရယူခြင်းမပြုဘဲ အမြင့်ဆုံးနှုန်း ၁၆ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးခွင့်ပြုကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်သည်။

ဘဏ်များမှ ထုတ်ချေးသောချေးငွေများအပေါ် ဘဏ်များက တောင်းခံနိုင်သည့် အတိုးနှုန်းများ (Lending Rates) ပြင်ဆင်သတ်မှတ်ခြင်းကိစ္စကို ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁/၂၀၁၉  ဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁၀/၂၀၁၁) နှင့် ညွှန်ကြားချက်အမှတ် (၁၁/ ၂၀၁၁) တို့ကို ရည်ညွှန်းချက်ပြုထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၄၈ အရ ဘဏ်များမှ ထုတ်ချေးသော ချေးငွေအပေါ် တောင်းခံနိုင်သည အတိုးနှုန်းများ သတ်မှတ်ခြင်းဖြစ်သည်။ မြေနှင့် အဆောက်အအုံ၊ ရွှေ-ရွှေထည်ပစ္စည်း၊ စိန်နှင့် အဖိုးတန်ကျောက်မျက်ရတနာများ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ  (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း များ၊ လက်ရောက်အပေါင် (Pledge) ၊ ချေးငွေအာမခံ (Credit Guarantee) ဖြင့် ချေးငွေများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အခါအားလျော်စွာသတ်မှတ်သည့် အပေါင်ပစ္စည်းများစသည်တို့ကို အခြေပြု၍ ထုတ်ချေးသော ချေးငွေများ အာမခံပစ္စည်းများရယူ၍ ထုတ်ချေးသောချေးငွေများအပေါ်  တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၃ ရာခိုင်နှုန်း (၁၀ %+၃ % = ၁၃ %) ထက်ကျော်လွန်၍ ကောက်ခံခြင်းမပြုရဟု သတ်မှတ်ထားသည်။

အထက်ဖော်ပြပါ အာမခံပစ္စည်းများမှအပ အခြားအာမခံပစ္စည်းရယူ၍ဖြစ်စေ၊ အာမခံပစ္စည်းရယူခြင်းမပြုဘဲဖြစ်စေ ထုတ်ချေးသော ချေးငွေများအပေါ် တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၆ ရာခိုင်နှုန်း (၁၀%+၆%= ၁၆%) ထက်ကျော်လွန်၍ ကောက်ခံခြင်းမပြုရဟု ဗဟိုဘဏ်က ညွှန်ကြားထားသည်။

ရည်ညွှန်းချက်ထည့်သွင်းထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ် ၁၀/၂၀၁၁ အရ သတ်မှတ်သော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတိုးနှုန်း (Bank Rate) သည် ၁၀ ရာခိုင်နှုန်းအတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိမည် ဖြစ်သည်။

ရည်ညွှန်းချက်ထည့်သွင်းထားသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ် ၁၁/၂၀၁၁ ၏ အပိုဒ် (၂-က) အရသတ်မှတ်သော ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့အပေါ်တွင် ပေးရသည့်အနည်း ဆုံးအတိုးနှုန်းသည် ဗဟိုဘဏ်အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်း (၁၀ %-၂ %= ၈ %) ထက်မနည်းစေရဟူသော သတ်မှတ်ချက်သည် မပြောင်းလဲဘဲ ဆက်လက်တည်ရှိသည်။

ညွှန်ကြားချက်တွင်ပါဝင်သည့် အမြင့်ဆုံးအတိုးနှုန်းဆိုသည်မှ ချေးငွေအပေါ်သတ်မှတ်သော အတိုးနှုန်းနှင့် ယင်းချေးငွေနှင့် ပတ်သက်၍ အခြားကောက်ခံသည့်အခကြေးငွေများ (ကတိခံကြေး၊ စီမံခန့်ခွဲမှုစရိတ်အဖြစ် တစ်လုံးတည်း (သို့မဟုတ်) အလီလီကောက်ခံသည့်စရိတ်၊ အခြားစရိတ်များ) အပါအဝင်  စုစုပေါင်းကောက်ခံနိုင်သည့်နှုန်းကို ဆိုလိုခြင်းဖြစ်၍ မည်သည့်နည်းနှင့်မျှ အမြင့်ဆုံး သတ်မှတ်ထားသော အတိုးနှုန်းထက်ကျော်လွန်ခြင်းမရှိစေရန် လိုက်နာဆောင်ရွက်ရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားထားသည်။

 


READ NEXT
Cancel OK