Top News

နိုင်ငံ၏ လက်ရှိဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၄၈၃ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ မဂ္ဂါဝပ် ၂၄၀၀ နှင့် သဘာဝဓာတ်ငွေ့အပါအဝင် အပူစွမ်းအင်သုံးစက်ရုံ ၁၆ ရုံမှ ၁၀၈၃ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိ
24htopnews | November 23, 2024 8:12 PM CST

မြန်မာနိုင်ငံ၌ လက်ရှိဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၄၈၃ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၂၈ ရုံမှ မဂ္ဂါဝပ်၂၄၀၀ နှင့် သဘာဝ ဓာတ်ငွေ့အပါအဝင် အပူစွမ်းအင်သုံး စက်ရုံ ၁၆ ရုံမှ ၁၀၈၃ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

“လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်အား တိုးတက်သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာတဲ့အတွက် နှစ်အလိုက်ဓာတ်အားလိုအပ်ချက်မှာ ၂၀၂၀ - ၂၀၂၁ ခုနှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်ခန့် တိုးတက်သုံးစွဲလာမယ်လို့ ခန့်မှန်းရတဲ့အတွက် စုစုပေါင်း ၂၇၅၇ မဂ္ဂါဝပ်ကို ထပ်မံတိုးတက်ထုတ်လုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။

အဆိုပါ ဓာတ်အားထုတ်လုပ်မှုများမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းလာမည် ဖြစ်သည့်အတွက် LNG  ဓာတ်ငွေ့သုံးစက်ရုံများဖြင့် စုစုပေါင်း မဂ္ဂါဝပ် ၃၀၀၀ ခန့်ကိုလည်း တည်ဆောက်၍ ဓာတ်အားတိုးတက် ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးသုံးစွဲနိုင်မှုဦးရေ  (Electricfication Ration) အား ရာနှုန်းပြည့်သုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်မှု ဦးရေ (Electricfication Ration) အား တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊  ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး၊ လျှပ်စစ်လျော့နည်းပျောက်ဆုံးမှု လျှော့ချစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

“၎င်းအပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးတွင် Electricfication Ration ရာနှုန်းပြည့် သုံးစွဲနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်လျက်ရှိရာမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်သည် စက်မှုဇုန်များရှိသည့် ခရိုင်ဖြစ်သည့်အပြင် ယခင်နည်းပညာအရ လိုင်းဆွဲခြင်းလုပ်ငန်း၌ အားနည်းချက်များရှိခဲ့၍ မြို့နယ်များကို ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံများနဲ့ ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနဲ့  ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးတို့အတွက် ယခုကဲ့သို့ အစည်းအဝေးကို လာရောက်ပြုလုပ်ခြင်း ဖြစ်ပါတယ်” ဟု  ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်က ရည်မှန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်သည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်မျှော်မှန်းပြီး ထုတ်လုပ်မှုအပိုင်း၊ ပို့လွှတ်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းများကို အသင့်ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ရင်းနှီးမြှုပ်နှံမှုများအတွက်   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် အဓိကကျကြောင်း၊ ထို့ပြင် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် လိုချင်သလောက်ဓာတ်အားကို ပေးနိုင်သည့် အဖွဲ့အစည်းမျိုးဖြစ်ရေး ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။                       


READ NEXT
Cancel OK