Top News

FDA ၏ အွန်လိုင်းရက်ချိန်းကြိုတင်လျှောက်ထားမှုစနစ်ကို ပထမအဆင့်အနေဖြင့် ဆေးပစ္စည်းနှင့် အလှကုန်ဌာနခွဲများတွင် စတင်မည်ဖြစ်ပြီး ကုန်ပစ္စည်းအရေအတွက် သတ်မှတ်လုပ်ဆောင်ပေးမည်
24htopnews | November 23, 2024 8:12 PM CST

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အတွက် အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ် (Online Booking System)  ကို အများပြည်သူအတွက် ဇန်နဝါရီ ၁၄ ရက် မှစ၍ အသုံးပြုလျက်ရှိပြီး ပထမအဆင့်အနေဖြင့် ဆေးပစ္စည်းနှင့် အလှကုန်ဌာနခွဲများတွင် ကုန်ပစ္စည်းအရေအတွက် သတ်မှတ်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှစ၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်လျှောက်ထားမှုများကို ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်း ရက်ချိန်းကြိုတင်လျှောက်ထားမှုစနစ် (Online Booking System) နှင့် ထောက်ခံချက် လက်မှတ်စီမံခန့်ခွဲမှုစနစ် (Certificate Information Management System)  များဖြင့် စတင်ကျင့်သုံးလုပ်ဆောင်မည် ဖြစ်သည်။

အလှကုန်ဌာနခွဲနှင့် ဆေးပစ္စည်းဌာနခွဲတွင် အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၁၃ ရက်အထိ ရုံးတွင်းစတင်စမ်းသပ်အသုံးပြုမည်ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်မှစ၍ အများ ပြည်သူအတွက် စတင်အသုံးပြုမည်ဖြစ်ကြောင်းနှင့် ထောက်ခံချက် လက်မှတ်စီမံခန့်ခွဲမှုစနစ်ကို ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ရုံးတွင်းစတင်စမ်းသပ်အသုံးပြုမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှစ၍ အများပြည်သူအတွက် စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်းများ စျေးကွက်မတင်မီ FDA ၏ ထောက်ခံချက်လျှောက်ထားမှုများအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၁၇ ခုနှစ်ကတည်းက စီစဉ်ခဲ့ပြီး USAID အကူအညီဖြင့် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“(Online Booking System)  ကို ပထမအဆင့်အနေနဲ့ ဆေးပစ္စည်းနဲ့ အလှကုန်ဌာနခွဲတွေမှာ စတင်ကျင့်သုံးမှာပါ။ ကနဦးအနေနဲ့ ဆေးပစ္စည်းအမျိုးအစား ၁၀၀၊ အလှကုန် အမျိုးအစား ၇၀ ကို သတ်မှတ်ရက်တွေမှာ လက်ခံဆောင်ရွက်ပေးသွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။  

လက်ရှိတွင် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များမှာ စားသောက်ကုန် ထုတ်လုပ်သူက ထောက်ခံချက် လျှောက်ထားခြင်း၊ အချက်အလက်စိစစ် ခြင်း၊ စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြို့နယ် အစာ/ဆေးဝါး၊ လုပ်ငန်းသစ်ဖြစ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ကိုယ်စားလှယ်)၊ ကွင်းဆင်းစစ်ဆေးစဉ် ကောက်ယူခဲ့သော နမူနာများ ဓာတ်ခွဲစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးစဉ် ပြင်ဆင်/ ပြုပြင်ရန် လိုအပ်ချက်များရှိပါက Inspection Team ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးစီးမှု ဓာတ်ပုံမှတ်တမ်း၊ အချက်အလက်များ ထပ်မံတင်ပြခြင်း၊  Analysis Report ၊ Factory Layout          ၊ Label သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး Accomplishment Report  တင်ပြမှုပြည့်စုံပါက ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအစည်းအဝေးသို့ ထောက်ခံချက်ထုတ်ပေးနိုင်ရန်တင်ပြခြင်း/ အတည်ပြုခြင်း၊ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် ထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် သက်တမ်းတိုးခြင်းကို သက်တမ်းမကုန်မီ နှစ်လကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်း FDA မှ သိရသည်။

 


READ NEXT
Cancel OK