Top News

မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုကြောင့် ရွှေပြည်သာမြို့နယ်မှ လူဦးရေသုံးရာကျော်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းထားရပြီး မင်္ဂလာဒုံမြို့နယ်တွင် ရေဘေးဒုက္ခသည်များအတွက် ထမင်းထုပ်များ ဝေငှခဲ့ရ
24htopnews | November 23, 2024 4:12 PM CST

မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုကြောင့် ရွှေပြည်သာမြို့နယ်မှ လူဦးရေသုံးရာကျော်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းထားရပြီး မင်္ဂလာဒုံမြို့နယ်တွင် ရေဘေးဒုက္ခသည်များအတွက် ထမင်းထုပ်များ ဝေငှခဲ့ရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။    

သြဂုတ် ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာမိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံသဖြင့် ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာမှ လူဦးရေသုံးရာကျော်အား ဘေးကင်းရာဖြစ်သည့် ရွှေမြို့ဝင်ဇီးကုန်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံသို့ ရွှေ့ပြောင်းထားရကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

" မီးနေသည်တွေ မသန်စွမ်းတွေ နာမကျန်းဖြစ်နေတဲ့သူတွေ အသက်ကြီးတဲ့လူတွေကို အရင်ရွှေ့ပေးတာပါ။ မီးသတ်တပ်ဖွဲ့ရော နီးစပ်ရာပရဟိတအဖွဲ့တွေရော ဝိုင်းဝန်းကူညီဆောင်ရွက်ကြတာပါ။ ဇီးကုန်းဘုန်းတော်ကြီးကျောင်းကို ရွှေ့ပေးတာပါ။ တစ်ချို့နေရာတွေက ရေကြီးတာ လည်ပင်းလောက်ရှိတယ်။ အိမ်အောက်ထပ်တွေ အကုန်ရေမြုပ်တယ်။အချို့နေရာတွေက ပေါင်လယ်လောက်ရှိတယ်" ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေမြို့ဝင်ဇီးကုန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ ရွှေ့ပြောင်းထားသူများအား စားသောက်ရန်အတွက် လှူဒါန်းထားသူများရှိကြောင်း သိရသည်။

" စားဖို့သောက်ဖို့က ရွှေမေတ္တာအဖွဲ့ကို လှူဒါန်းတဲ့လူတွေရှိတယ်။ မိတ်ဘက်မောင်နှမအသင်းတွေကလည်း ပူးပေါင်းကူညီကြတယ်။လူသုံးရာလောက်တော့ ရွှေ့ပေးထားတယ်။ အချို့တွေကတော့ မပြောင်းချင်ကြဘူး။ သူတို့ကိုတော့ နီးစပ်ရာအမြင့်ပိုင်းကို ကူညီရွှေ့ပေးခဲ့ပါတယ်။ လောလောဆယ်တော့ လူသုံးရာကျော်လောက်ရှိတယ်။ ဒါပေမယ့် ထပ်ရောက်လာတာတွေရှိတယ်" ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ်၂၆ ရပ်ကွက် ကျောင်းကုန်းကျေးရွာတွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်သဖြင့် ရွှေပြည်သာမီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များပူးပေါင်းကာ

ကျောင်းကုန်းကျေးရွာရှိ ရွာဦးဓမ္မာရုံ၊ နှင်းဆီလမ်း ရွာလယ်ဓမ္မာရုံနှင့် ခိုင်ရွှေဝါလမ် းရွာနောက် ဓမ္မာရုံသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

သြဂုတ် ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက် ငါးခုရှိ နေအိမ်အတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

" ရပ်ကွက် ငါးရပ်ကွက်လောက်က ရေတွေဝင်တာပါ။ အစ်ကိုတို့အဖွဲ့က ရေဝင်တဲ့အိမ်တွေအတွက် စားဖို့ကူညီပေးခဲ့ပါတယ်။ရပ်ကွက်တစ်ခုကို အိမ်သုံးလေးဆယ်လောက်ရှိပါတယ်" ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သြဂုတ် ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သစ်ပင်များလဲကျမှု ဖြစ်ပွားသဖြင့် သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ

ပူးပေါင်းကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK