Top News

နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပြီးနောက် တောင်ကြီးမြို့ရှိ တရားမဝင် ကျူးကျော်များကို ရှင်းလင်း 
24htopnews | November 23, 2024 7:12 AM CST

နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပြီး တောင်ကြီးမြို့တွင် တရားမဝင် နေထိုင်သော ကျူးကျော်များ ရှင်းလင်းခဲ့ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

တောင်ကြီးမြို့ရှိ တောင်ကုန်း တောင်စောင်းများ၊ ရပ်ကွက်များ၊ စေတီတော်များ၊ စောင်းတန်းများတွင် တရားမဝင် နေထိုင်သော ကျူးကျော်များ ရှင်းလင်းရေးကို တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ဝင် အင်အား ၁၀၀ နီးပါးဖြင့် မတ် ၁၄ ရက် ညနေ ၄ နာရီခွဲတွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်နှင့် ရေအေးကွင်းရပ်ကွက်တွင် ရှိသော ဆက်စပ်နယ်မြေများအဖြစ် တောင်ချွန်း၊ ရွှေမုဠောဘုရားတောင်ခြေ၊ ရွှေဘုန်းပွင့်ဘုရားတောင်ခြေတို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေဖြစ်ပြီး သစ်တောဧရိယာအတွင်း ပါဝင်ကာ အဆိုပါ နယ်မြေများတွင် ဒုစရိုက်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် အဖွဲ့စုံဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“တောင်ကြီးမြို့ကလည်း သိတဲ့အတိုင်း တောင်ပေါ်မြို့တစ်ခု ဖြစ်တယ်။ ထိန်းသိမ်းရတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေအများကြီး ရှိပါတယ်။ အစိုးရ ခွင့်ပြုချက်မရှိဘဲနဲ့ မိမိတို့ သဘောဆန္ဒအရ ကျူးကျော်နေထိုင်သူတွေကို စီမံချက်ရေးဆွဲပြီးတော့ ရှင်းလင်းရေးလုပ်ငန်းတွေ၊ သက်ဆိုင်ရာ ကျူးကျော်နဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဒါတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားသည်။

တရားမဝင် ကျူးကျော်နေထိုင်သူများ ရှင်းလင်းရေးတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည်။

“အဓိက ဖြစ်ပွားတာကတော့ ပြီးခဲ့တဲ့လတုန်းက ဖြစ်သွားတဲ့ သံဃာနှစ်ပါး အသတ်ခံထိတဲ့ ဖြစ်စဉ်ပေါ့။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံဃာတွေက အရက်သေစာ သောက်စားတယ်။ သတ်တဲ့ သံဃာကလည်း ဒီမှာလာပြီး သောက်စားပြီး ကျူးလွန်သွားတာ။ သံဃာတု သံဃာယောင်တွေ မရှိအောင်ပေါ့။ တောမှာ ကိန်းအောင်းနေတာ မရှိအောင်၊ သံဃာနဲ့ မညီညွတ်ဘူးဆိုလည်း ဥပဒေအရ အရေးယူလို့ ရအောင်လို့ လာပြီးတော့ ရှာဖွေခြင်း ဖြစ်ပါတယ်”ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်ဦးက ပြောကြားသည်။

တောင်ကြီးမြို့ ဟိုပုံးအထွက်လမ်း ရွှေမုဠောတောင်ပေါ် အတက်လမ်း၊ သစ်တောကြိုးဝင်းအတွင်း ရှာဖွေရန် အဖွဲ့ (၁) ဖြင့် သွားရောက်ခဲ့ရာ သစ်တောမြေအတွင်း မြေစိုက်တဲ၊ ရွက်ဖျင်တဲနှင့် တိုင်ထောင်၊ သွပ်မိုးသွပ်ကာ အဆောက်အအုံ သုံးလုံး အပါအဝင် နေရာ ငါးခု တွေ့ရှိ ရှင်းလင်းနိုင်ခဲ့ပြီး အဆိုပါနေရာတွင် ခုနစ်နှစ်ကျော် နေထိုင်ခဲ့သော သံဃာတော်နှစ်ပါးကိုလည်း နောက်တစ်နေ့ အမြန်ဆုံး ဖယ်ရှားရန် အသိပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် တောင်ကြီးမြို့ မြောက်ဘက်သို့ အဖွဲ့ (၂) ဖြင့် သွားရောက်ခဲ့ရာ တောင်ပေါ်တွင် တရားမဝင် နေထိုင်သော ကျူးကျော်တဲ နှစ်လုံးကို တွေ့ရှိဖျက်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိနေသည့် ကျူးကျော်များကိုလည်း ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး က ပြောကြားသည်။

ယခင် တစ်လခွဲခန့်ကလည်း စူဠာမုနိ လောကချမ်းသာ စေတီတော်အနီးနားရှိ တောင်ပေါ်တွင် ခိုအောင်းနေထိုင်သည့် အနာကြီးရောဂါဝေဒနာသည် ၂၃ ဦးတို့ကို လွိုင်လင်မြို့နယ်သို့ သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ပြန်လည် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။  


READ NEXT
Cancel OK